တိုက်ပွဲတွေကြောင့် ဆရာ ၃၀ ကျော် နမ္မတူမြို့ပေါ် ထွက်ပြေးရောက်ရှိ


2017.12.10
nanmatu-high-school-622.jpg ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းကို တွေ့ရစဉ်
Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ မိုင်းရင်းကျေးရွာအုပ်စု၊ ဝိန့်နန်းရွာ အနီးတဝိုက်မှာ တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA နဲ့ အစိုးရတပ်မတော်တို့အကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ဆရာ/ဆရာမ အယောက် ၃၀ ကျော်ဟာ နမ္မတူမြို့နယ်ပညာရေးမှူးရုံးမှာ ခိုလှုံနေကြပါတယ်။

ကျောင်း ၉ ကျောင်းကနေ ထွက်ပြေးလာတဲ့ ဆရာ/ဆရာမ ၃၁ ယောက်ကို မြို့နယ်ပညာရေးမှူးရုံးရဲ့ အထက ၁ ကျောင်း ထဲမှာ နေရာချထားပေးတယ်လို့ နမ္မတူမြို့နယ်ပညာရေးမှူး ဦးဘုန်းကျော် က ပြောပါတယ်။

" ၅ ရက်နေ့ညပေါ့ဗျာ၊ မိုင်းရင်းကျေးရွာ ဝိန့်နန်းပေါ့၊ ထိတွေ့မှု ဖြစ်တယ်ပေါ့၊ နောက်နေ့မနက်ကျတော့ လည်း ဟော်နားရွာမှာ ဖြစ်ပါတယ်၊ ဒါကြောင့်ဖို့ အဲနားပတ်ဝန်းကျင်က ပထမ ကျောင်း ၄ ကျောင်းပေါ့ ဗျာ၊ အဲမှာရှိတဲ့ ဆရာ/ဆရာမတွေ ၁၀ ယောက်လောက်လာပါတယ်၊ နောက်နေ့လည်းကျရော ကျောင်း ၅ ကျောင်းပေါ့၊ ဆိုတော့ ကျောင်းစုစုပေါင်း ၉ ကျောင်း၊ ဆရာ/ဆရာမကတော့ ယောကျာ်းလေးကတော့ ၁၂ ယောက်ပေါ့၊ မိန်းကလေးကတော့ ၁၈ ယောက်၊ ၃၀ နောက်ထပ် ဆရာမတစ်ယောက်က ကျန်နေ တာကို နောက်ကလိုက်လာတဲ့အခါကျတော့ ၃၁ ဖြစ်ပါတယ်၊ လောလောဆယ်ကတော့ ကျနော့် ပညာရေးမှူးရုံးရဲ့ အထက ၁ ထဲမှာပဲ တည်းနေတာပေါ့၊ လိုအပ်တဲ့စောင်တွေ၊ ဘာတွေကိုလည်း ကျနော်တို့ရှိတာကိုပေး၊ မရှိတာကိုလည်း ငှားရမ်းပေးရတာပေါ့"

အဲဒီ ဆရာ/ဆရာမတွေဟာ မူလတန်းပြတွေဖြစ်ပြီး နမ္မတူမြို့ပေါ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့တွေ မှာ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝိန့်နန်းရွာအနီးတဝိုက်မှာ အခြေအနေငြိမ်သက်သွားပြီလို့ ကြားသိရပေမယ့် ပြန်ဖို့အတွက် အပြန်လမ်းခရီး လုံခြုံရေးအခြေအနေကို စောင့်ကြည့်နေကြတယ်လို့လည်း ဦးဘုန်းကျော် က ပြောပါတယ်။

ဆရာ/ဆရာမတွေ ထွက်ပြေးလာတာကြောင့် နမ္မတူမြို့နယ်ထဲက ဝိန့်နန်း၊ ဟော်နား၊ နားလင်း၊ မန်ပန် စတဲ့ကျေးရွာ ၉ ရွာမှာရှိတဲ့ မူလတန်းကျောင်း ၉ ကျောင်းကို ယာယီပိတ်ထားရပါတယ်။

နမ္မတူမြို့နယ်နဲ့လားရှိုးမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတွေဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မကြာခဏ လှုပ်ရှားသွားလာလေ့ရှိသလို တိုက်ပွဲတွေလည်း မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိပြီး ဒေသခံတွေ စစ်ဘေးတိမ်းရှောင်ရလေ့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။