ခရီးသွားထောက်ခံစာပါပြီး ကျန်းမာရေးကောင်းရင် နေပြည်တော်ကို ဝင်ခွင့်ရမည်

သီဟထွန်း၊ သက်စုအောင်
2020.04.29

ဒေသအသီးသီးကနေ လာရောက်သူတွေအနေနဲ့၊ ခရီးသွားထောက်ခံစာပါပြီး ကျန်းမာရေးကောင်းမွန်ရင် နေပြည် တော်ကို ဝင်ရောက်ခွင့်ပြုမယ့် ကြေညာချက်ဟာ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ တင်းကြပ်မှုတချို့ကို ဖြေလျှော့ပေးလိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရရုံးစိုက်ရာ နေပြည်တေ်ာကို လာရောက်သူတွေအနေနဲ့ ဧပြီလ ၃၀ ရက်နေ့ကစလို့ ခရီးသွားထောက်ခံစာ ပါရင် နေပြည်တော်ကို ဝင်ခွင့်ရရှိမှာဖြစ်ပြီး၊ ကျန်းမာရေးအရ သံသယရှိရင်တေ့ာ သတ်မှတ်ထားတဲ့ ဆေးရုံတွေမှာ Quaratine ၂၁ ရက်ဝင်ရမယ်လို့ နေပြည်တော်ကောင်စီက ထုတ်ပြန်ကြေညာခဲ့တဲ့အကြောင်း RFA က သတင်း ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် လက်မှတ်နဲ့ ဧပြီလ ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီကြေညာ ချက်ဟာ မနက်ဖြန် ဧပြီလ ၃၀ ရက်နေ့ကစပြီး အသက်ဝင်မှာဖြစ်ပါတယ်။

ဒီကြေညာချက် မထုတ်ခင်အချိန်အထိ နေပြည်တော်ကို ပြန်လာတဲ့ အစိုးရဝန်ထမ်းတွေ အနေနဲ့ စည်ပင်ဧည့် ရိပ်သာက အသွားအလာကန့်သတ်စောင့်ကြည့်ရေး စခန်းမှာ ၂၁ ရက်မဖြစ်မနေ သွားရောက်နေထိုင်ရပါတယ်။

နေပြည်တော် ကောင်စီဝင်တစ်ဦးဖြစ်တဲ့ ဦးတင်ထွန်း က အခုလို ထုတ်ပြန်တာက နေပြည်တော်ကိုလာရင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။   

“ဒါကတော့ တိတိကျကျ ပိုပြီးတော့မှ သူတို့ လိုက်နာလို့ရအောင်လေ။ ပြင်ဆင်လာလို့ရအောင်။ ဟုတ်တယ် မလား အထောက်အထားတွေ ယူခိုင်းတဲ့ သဘောပါပဲ။ ပိုပြီးမှ ရှင်းရှင်းလင်းလင်း သိအောင်မို့လို့ ထပ်ထုတ် ပြန်ပေးတာပါ။ ဘာတွေလိုတယ် ပြင်ဆင်လာလို့ ရအောင်ပေါ့နော် ဒီကိုလာလို့ရှိရင်”

ဒီထုတ်ပြန်ချက်အရ ရောဂါဖြစ်ပွားတဲ့ တိုင်းနဲ့ ပြည်နယ်တွေက Stay at Home အိမ်မှာပဲနေဖို့ ညွှန်ကြားချက် ထုတ်ထားတဲ့ မြို့နယ်က လာတဲ့သူတွေဟာ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုစာ ဒါမှမဟုတ် နေပြည်တော်ကို လာရောက်ဖို့ ခေါ်ထားတဲ့ အကြောင်းကြားစာကို ပြရမှာဖြစ်ပြီး၊ မပြနိုင်ရင် အသွားအလာကန့်သတ် စောင့်ကြည့်စခန်းမှာ ၂၁ ရက် နေထိုင်ရမှာပါ။

နေပြည်တော်ကို လာရောက်တဲ့သူတိုင်းကတော့ ဘယ်ဒေသက လာတယ်ဆိုတာ ထောက်ခံစာ ပြရမှာဖြစ်ပါတယ်။

အလားတူပဲ ရောဂါကူးစက်မူမရှိသေးတဲ့ မြို့နယ်ကလာတဲ့သူတွေကိုလည်း မြို့အဝင်ဂိတ်မှာ ကျန်းမာရေး စစ်ဆေးမှာဖြစ်ပြီး သံသယဖြစ်စရာ ရောဂါလက္ခဏာ မရှိရင် နေပြည်တော်ကို ဝင်ရောက်ခွင့်ပြုမှာဖြစ်ပါတယ်။

နေပြည်တော်အဝင် စီလမ်းဆုံဂိတ် တာဝန်ရှိသူ ဒုရဲမှူး သိန်းကြွယ်က ထောက်ခံချက်ပါရင် ဝင်ခွင့်ပြုတယ် ဆိုတာက တင်းကြပ်မှုကို ဖြေလျှော့တာဖြစ်တယ်လို့ ပြောပါတယ်။

“ထောက်ခံစာတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနချင်း ဆိုတဲ့စာတွေ၊ နောက်ရပ်ကွက်ကနေပြီးတော့ မည်သည့် ဒေသက လာလာ အဲဒီရပ်ကွက်ထောက်ခံစာတွေ ပါလာလို့ရှိရင် ကျတော်တို့ ခွင့်ပြုမှာပါ။ သူတို့ဆီက ထောက်ခံစာ တောင်းမယ်လေ။ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ ပါရင်တော့ ခွင့်ပြုမှာပေါ့။ ပိုးတွေ့တဲ့ ဒေသကလာလာ၊ ဘယ်ကလာလာ။ တင်းကြပ်တာမဟုတ်ဘူး၊ ဖြေလျှော့သွား တာလေ။ ဖြေလျှော့လိုက်တာ။ တင်းကြပ်တာ မဟုတ်ဘူး။ အရင်တုန်းက ကျတော်တို့က ဝင်ခွင့်မပြုတာကို ခုထောက်ခံစာနဲ့ပေးပြီး ဝင်ခွင့်ပြုနေပြီဆိုတာ ဖြေလျှော့တာပေါ့နော်”

နေပြည်တော်မှာ နေထိုင်ပြီး တခြားဒေသက ပြန်လာတဲ့သူတွေဟာ သူတို့သွားရောက်ခဲ့တဲ့ ဒေသက ထောက်ခံစာ တင်ပြရမှာဖြစ်ပြီး ထောက်ခံစာ မတင်ပြနိုင်သူနဲ့ ထောက်ခံစာတင်ပြဖို့ ငြင်းဆန်သူ၊ အိမ်မှာပဲနေဖို့ အမိန့်ထုတ် ပြန်ထားတဲ့ဒေသကို သွားရောက်ခဲ့သူတွေဟာ စောင့်ကြည့်ရေး စခန်းမှာ ၂၁ ရက် နေထိုင်ရမှာဖြစ်ပါတယ်။

နေရပ်ဒေသကို လိမ်လည်သူတွေ၊ သွားရောက်ခဲ့တဲ့ အရပ်ဒေသကို မမှန်မကန်ပြောသူတွေ၊ စစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူတွေကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က အရင်က ထုတ်ပြန်ချက်နဲ့ အခု ထုတ်ပြန်ချက် ကွာခြားပုံကို ရှင်းပြပါတယ်။

“အရင်က ကျတော့ ရန်ကုန်ကနေပြီးတော့မှ ရှိတဲ့ဧရိယာတွေက လာလို့ရှိရင် ဒီမှာ Quarantine ဝင်ရမယ် ပေါ့နော်။ အခုကတော့ စာထဲမှာပါတဲ့ အတိုင်းဆိုရင်တော့ Stay Home ထားထားတဲ့ မြို့နယ်တွေက လာရင်လည်း စာထဲမှာပါတဲ့ သတ်မှတ်ချက်တွေအတိုင်းရှိတယ်၊ ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်တွေမှာ ထူးခြားမူမရှိဘူးဆိုရင် ဝင်ထွက်သွားလာခွင့်ရမယ့် ပုံစံမျိုး စာသားတွေ ပါတယ်လေ။ ဖတ်ရတဲ့သူက လာရောက်မယ့်သူ ဒါမှမဟုတ် နေပြည်တော်ထဲကနေပြီး ပြန်ဝင်ရမယ့်သူဆိုရင် သူလုပ်ရမယ့် လုပ်ငန်းစဉ် အသေးစိတ်ပါတာပေါ့”

နေပြည်တော် အဝင်ဂိတ်က ဝင်လာသူ အားလုံးကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ တပ်မတော် စတဲ့ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံပါတဲ့ ပူးပေါင်းအဖွဲ့က ကျန်းမာရေး စစ်ဆေးတာတွေ၊ နေရပ်လိပ်စာ အချက်အလက် ကောက်ယူတာတွေကို ဧပြီလ ၁၄ ရက်နေ့ကတည်းက ဆောင်ရွက်နေတာဖြစ်ပါတယ်။

စည်ပင်ဧည့်ရိပ်သာက စောင့်ကြည့်ရေး စင်တာမှာ နေပြည်တော်ကို ပြန်လာတဲ့ အစိုးရဝန်ထမ်းတွေ ၆၀၀ နီးပါးရှိနေတယ်လို့ Covid 19 Volunteer Team နာယက ဦးမောင်မောင်ဆွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။