တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် အတည်ပြုနိုင်ရေး လွှတ်တော်မှာ ဆွေးနွေး
2015.12.07

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ဟာ တစ်နိုင်ငံလုံးကို မလွှမ်းခြုံကြောင်း၊ လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ လက်မှတ်မထိုးတဲ့ လက်နက်ကိုင်အဖွဲ့တွေအကြား နားလည်မှုလွဲမှားနိုင်ကြောင်းနဲ့ ပါဝင်လက်မှတ် မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးနိုင်ကြောင်း စတဲ့အချက် ၃ချက်ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က စာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်မရေးထိုးတာဖြစ်တယ်လို့ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့် က ဒီနေ့ ပြောပါတယ်။
နိုင်ငံတော်သမ္မတ ပေးပို့ထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စု လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး က ဆွေးနွေးရာမှာ ဒေါ်မေဝင်းမြင့်က အခုလိုဆွေးနွေးခဲ့ တာဖြစ်ပါတယ်။
"NCA စာချုပ်ကို ကျမတို့အဖွဲ့ချုပ်ရဲ့ ဥက္ကဌက ပါဝင်လက်မှတ်ရေးထိုးခြင်း မပြုခဲ့ပါဘူး၊ လက်မှတ်ရေးထိုးခြင်း မပြုရသည့်အကြောင်းမှာ ၁၊ တစ်နိုင်ငံလုံး လွှမ်းခြုံမှုမရှိဘဲ တစ်စိတ်တစ်ပိုင်းသဘောထား သက်ရောက်နေခြင်း ၂၊ ပါဝင်လက်မှတ်ရေးထိုးလိုက်ပါက စာချုပ်တွင်လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြားတွင် နားလည်မှုလွဲမှားနိုင်ခြင်း ၃၊ အခုစာချုပ်တွင် လက်မှတ်ရေးထိုးခြင်းမပြုသော တိုင်းရင်းသားလက်နက်ကိုင်များအပေါ်တွင် ဖိအားပေးလာနိုင်သည်တို့ကြောင့် ဖြစ်ပါတယ်"
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့ ရေးထိုးထားတဲ့ NCA စာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ဖို့အတွက် ပေးပို့ထားတာဖြစ်ပါတယ်။
အဲဒီစာချုပ်ကို ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရမှာဖြစ်ပေမယ့် ဒီနေ့ အစည်း အဝေးမှာ ကိုယ်စားလှယ် ၁၂ ဦးသာ ဆွေးနွေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်တွေက NCA စာချုပ်ကို သဘောတူကြောင်းနဲ့ လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေ ပါဝင်နိုင်ရေးအတွက် ကြိုးပမ်းကြဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ကျန်တဲ့ ကိုယ်စားလှယ် ၃ဦးနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မနက်ဖြန် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး အတည်ပြုမှာဖြစ်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ မခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။