လိုအပ်ချက်ရာနှုန်းပြည့်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေလို့ သဘောမထားဖို့ KNU ဥက္ကဋ္ဌ တိုက်တွန်း
2016.07.18

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ မိမိလိုအပ်ချက်ရာနှုန်းပြည့်ရမှ လက်ခံနိုင်တဲ့ နိုင်ငံရေးအဖြေ လို့ သဘောမထားဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေရဖို့သာ ရှေးရှုသင့်တယ်လို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး က တိုက်တွန်းလိုက်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ စတင်ဆွေးနွေးရာမှာ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက. အဖွင့်မိန့်ခွန်းမှာ အခုလို ထည့် သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
“မိမိတို့ရဲ့ နိုင်ငံရေး လိုလားချက် နိုင်ငံရေးဆွေးနွေးမှု တောင်းဆိုချက်များဟာ ပကတိတိုင်းပြည်ရဲ့ အခြေအနေနဲ့ လိုက်လျောညီထွေကိုက်ညီပြီး သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးက လက်ခံနိုင်တဲ့ လက်တွေ့ကျပြီး အကောင် အထည်ဖော်နိုင်တဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ လိုအပ်ပါတယ်၊ ဆိုလိုတာက မိမိလိုအပ်ချက် အကုန်လုံးရမှ လက်ခံနိုင် တဲ့ နိုင်ငံရေး အဖြေမဟုတ်ဘဲ သမာသမတ်ကျတဲ့ နိုင်ငံရေးအဖြေကိုရရှိဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်”
ဒီအစည်းအဝေးကို KNU ကရင်အမျိုးသားအစည်းအရုံး၊ CNF ချင်းအမျိုးသားတပ်ဦး၊ ABSDF မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ၊ PNLO ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၊ ALP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီနဲ့ DKBA ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော်က ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးနေကြပါတယ်။
ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသမှာ အခုလ ၂၆ ရက်နေ့ကျင်းပမယ့် “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး” ရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကိုလည်း ဒီကနေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။