အပစ်ရပ်သဘောတူစာချုပ် လွှတ်တော်မှာ တင်သွင်းမယ်
2015.11.18

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ ရေးထိုးထားတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်ရှိလွှတ်တော်အစည်းအဝေးမှာ တင်သွင်းသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။
ဒီနေ့ နေပြည်တော် Horizon Lake View ဟိုတယ်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM အပြီးမှာ ပအိုဝ်းလွတ်မြောက်ရေး အဖွဲ့ PNLO က ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။
"တည်ဆဲဥပဒေနဲ့ ကိုက်လား မကိုက်လား ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်လား မကိုက်လား လွှတ်တော်က စိစစ်ရမှာ ဒီလုပ်ငန်းပဲရှိတယ်၊ အဲဒီလုပ်ငန်းအပြင် ဒီစာချုပ်ထဲက ပုဒ်မ က၊ ခ၊ ဂ အဲလိုလိုက်ပြင်တာတော့ အစဉ်အလာတော့မရှိဘူးလေ၊ သို့သော် ဖွဲ့စည်းပုံနဲ့ ကိုက် မကိုက်၊ တည်ဆဲဥပဒေနဲ့ ကိုက်လား မကိုက် ဒီနှစ်ချက်ပါပဲ၊ ငြိမ်းချမ်းရေးကို မဖြစ်မနေတည်ဆောက်ချင်လို့ လုပ်ရတယ်ဆိုရင် တချို့ပြဌာန်းထားတဲ့ ဥပဒေတချို့ကို ကျော်သွားလို့ရတယ်၊ ထို့အတူ လက်ရှိအစိုးရအနေနဲ့ အာဏာဆက်လက်ရှိနေသေးတယ်၊ တည်ဆဲလွှတ်တော်ဆိုတာကလည်း လက်ရှိအစိုးရနဲ့ ဆက်နွယ်နေတဲ့ လွှတ်တော်ဖြစ်တယ်၊ ဒါကြောင့် တည်ဆဲလွှတ်တော်မှာ မနက်ဖြန် သဘက်ခါ ကျနော်တို့တင်ရင် အခက်အခဲမရှိ ညီညီညွှတ်ညွှတ် ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျနော်တို့ NCA ကိုလည်း လွှတ်တော်အတည်ပြုချက်ရမယ်လို့ ကျနော်အပြည့်အဝ ယုံကြည်ပါတယ်"
ဒီနေ့ ဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းနဲ့ ကျင့်ဝတ်တွေကို အောက်ခြေ တပ်တွေအထိ ခိုင်မာမှုရှိစေရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဖောက်ဖျက်ရင် အရေးယူသွားမှာဖြစ်တယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပြည်ထောင်စုအဆင့် လေ့လာစောင့်ကြည့်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။
"ကျနော်တို့ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းနဲ့ ကျင့်ဝတ်တွေနဲ့ ပတ်သက်လို့ ခိုင်မာမှုရှိအောင်လည်း အပြန်အလှန် အောက်ခြေအဆင့်အထိကြည့်ပြီးတော့ နှစ်ဖက်ခေါင်းဆောင်တွေ အပြန်အလှန် ရက်ပေါင်းအတော်ယူပြီးတော့ ဆွေးနွေးခဲ့တာဖြစ်တဲ့အတွက် ကျနော်တို့ ခိုင်မာမှုရှိနိုင်တယ် လို့ ပြောလို့ရတယ်၊ တစ်ဖက်ဖက်က ချိုးဖောက်လာရင်လည်း ကျနော်တို့ ညှိနှိုင်းထားပြီးဖြစ်ပါတယ်၊ အသေးအဖွဲအဆင့်ဆိုရင်လည်း အသေးအဖွဲအဆင့်နဲ့ ထိုက်တန်သလို ကိုယ့်အဖွဲ့အစည်းက ကိုယ်ပြန်ပြီးတော့ အရေးယူဆောင်ရွက်ထိန်းသိမ်းသွားဖို့ ညှိနှိုင်းထားရှိပါတယ်"
မနေ့ကစတင်ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော် မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM ကို ဒီကနေ့ ညနေပိုင်း အပြီးသတ်ခဲ့ပြီး JICM ရဲ့ အစည်းအဝေးဆုံးဖြတ် ချက်တွေကို အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။