NLD ကောင်းမှုကုသိုလ်ပွဲမှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး တောင်းဆို
2011.04.17

အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေ၊ နိုင်ငံရေး လှုပ်ရှားနေသူတွေနဲ့ နိုင်ငံရေး အကျဉ်းသား မိသားစုတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အလားတူ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး အတူတကွ လက်တွဲ ဆောင်ရွက်နိုင်ဖို့ဆိုရင် သမ္မတ ဦးသိန်းစိန် အစိုးရ အနေနဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လိုအပ်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေတဲ့ ကွန်ယက်အဖွဲ့က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင် လာမယ့် ရက်အနည်းငယ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ စာကို သမ္မတ ဦးသိန်းစိန်ထံကို တိုက်ရိုက် ပေးပို့မှာဖြစ်တယ်လို့ ဦးဆောင် လှုပ်ရှားနေသူတဦး ဖြစ်တဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်ပ ရောက်နေသူတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ အဖြေရှာဖို့ သမ္မတဦးသိန်းစိန် အစိုးရကို တိုက်တွန်းထားတယ်လို့လည်းဆိုပါတယ်။
ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျင်းပတဲ့ အညတြ ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်လာသူ အားလုံးလည်း လက်မှတ် ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးဖို့ လက်မှတ်ရေးထိုး တောင်းဆိုမှုကို ပြည်နယ်၊ တိုင်းနဲ့ မြို့နယ်အလိုက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားသွားမယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။