အစိုးရသစ် ကျမ်းသစ္စာကျိန်ဆို၊ နအဖ စစ်အစိုးရကို ဖျက်သိမ်း
2011.03.30

သူ့ရဲ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို အသက် ၅၄ နှစ်အရွယ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဆက်ခံလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီးနဲ့ ရွှေတြိဂံဒေသ စစ်တိုင်းမှူး ဖြစ်ခဲ့ပါတယ်။
ဒီကနေ့ နေပြည်တော် ပြည်ထောင်စု လွှတ်တော်ခန်းမမှာ သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နဲ့အတူ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ လွှတ်တော်နာယကတွေနဲ့ လွှတ်တော် အမတ်တွေ တက်ရောက်ခဲ့ကြပါတယ်။
မကြာခင် အသက် ၆၆ နှစ်ပြည့်တော့မဲ့ သမတသစ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ယုံကြည်စိတ်ချရသူ အနီးကပ် လူယုံတဦးအဖြစ် ပြည်တွင်း ပြည်ပက သိကြပါတယ်။ စစ်အစိုးရ အဖွဲ့အတွင်းမှာ လာဘ်ပေးလာဘ်ယူကိစ္စ အကင်းရှင်းဆုံးအဖြစ် လူသိများပြီး ပြည်ပကလည်း သူ့ကို ဦးသန့်ရှင်းလို့ ခေါ်ကြကြောင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။
အခုလို အစိုးရသစ်ကို အာဏာလွှဲလိုက်ပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သြဇာအာဏာကတော့ တနည်း တဖုံ ဆက်ရှိနေဦးမယ်လို့လည်း ပြည်တွင်း ပြည်ပက ယုံကြည်နေကြပါတယ်။ ဒါကြောင့် သိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်နိုင်ဦးမှာ မဟုတ်ကြောင်းလည်း နိုင်ငံတကာ အကဲခတ်တွေက သုံးသပ်ပြောဆိုကြပါတယ်။
အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ လွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်ကတော့ တိုင်းပြည်ရဲ့အခြေအနေ တိုးတက် ကောင်းမွန်လာဖို့ ဆိုတာ သမတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်ရဲ့ အရည်အချင်းပေါ်မှာ မူတည် နေတယ်လို့ ပြောပါတယ်။
“အခုကျတော့ အဲဒီအခြေအနေက ဟို နီးစပ်သည်ထက် နီးစပ်လာတဲ့ သဘောရှိတယ်။ ဘာလို့လဲဆိုတော့ ဟို သမတကြီး ရှင်းလင်းသွားတဲ့ မိန့်ခွန်းပြောသွားတဲ့ အထဲမှာရော ဘာရော အခြေအနေ အကုန်လုံးဟာ အားလုံးဟာ ထင်ထားတာထက် ပိုပြီးတော့ကို အခြေအနေ ကောင်းတဲ့သဘော ရှိတယ်။ အခုလာမဲ့ အနာဂတ် မြန်မာနိုင်ငံရဲ့ အရေးသည် အခု ဆောင်ရွက်မဲ့ လူတွေရဲ့ အရည်အချင်းပေါ်မှာ မှီပြီးတော့ တိုးတက်တာ ပြောင်းလဲတာ ဖြစ်သွားမယ်လို့ အဲလိုပဲ မြင်တယ်လေ။”
အစိုးရသစ်ကို တရားဝင် အာဏာ လွှဲပြောင်းလိုက်ပြီးတဲ့နောက် အေးချမ်းသာယာရေးနဲ့ ဖွံံဖြိုးရေးကောင်စီရုံး အဆင့်ဆင့်ကိုလည်း အုပ်ချုပ်ရေးမှူးရုံးတွေအဖြစ် နာမည်ပြောင်းလိုက်ပြီး ဆိုင်းဘုတ်သစ်တွေ ပြောင်းလဲတော့မယ်လို့ သိရပါတယ်။အစိုးရသစ် ပြောင်းလဲလိုက်တာနဲ့ ပတ်သက်ပြီး RFA မှ မအင်ကြင်းနိုင်နဲ့ ကိုနေရိန်ကျော်တို့က သုံးသပ်သူတွေ အမြင်ကို စုစည်း တင်ပြထားပါတယ်။
![]() |
စုစည်းတင်ပြချက် (၁) |
![]() |
အသံဖိုင်ယူရန် |
![]() |
စုစည်းတင်ပြချက် (၂) |
![]() |
အသံဖိုင်ယူရန် |