နီပွန်ဖေါင်ဒေးရှင်းက ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ ကူညီမည်
2013.04.08
တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ ရေရှည်ပညာရေးနဲ့ ကျန်းမာရေး စီမံကိန်းတွေ အကောင်အထည်ဖေါ်ဖို့အတွက် ဂျပန်နိုင်ငံ နီပွန်ဖေါင်ဒေးရှင်းက ရေရှည်အကူအညီပေးသွားမယ်လို့ သဘောတူလိုက်ကြောင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစုဖြစ်တဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ဒီနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
တိုင်းရင်းသားဒေသတွေမှာ အဲဒီလို ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ဂျပန်အစိုးရကြား နားလည်မှုရယူပြီး အကူအညီပေးနေတာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ နီပွန်ဖေါင်ဒေးရှင်းရဲ့ ဖိတ်ကြားချက်အရ UNFC တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်တွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကိုရောက်ခဲ့ပြီး ဂျပန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဲဒီလိုသဘောတူညီချက်တွေ ရရှိခဲ့တာပါ။
နီပွန်ဖေါင်ဒေးရှင်းရဲ့ ပထမအဆင့် အကူအညီမှာ တိုင်းရင်းသားဒေသတွေအတွက် အရေးပေါ်အကူအညီအဖြစ် ဆန်နဲ့ ဆေးဝါးအကူအညီတွေ ပေးထားပြီးဖြစ်တယ်လို့ UNFC အဖွဲ့က တွဲဘက်အတွင်းရေးမှူး ပဒိုမန်းမန်းက RFA ကို ပြောပါတယ်။
ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဟာ ကချင်၊ မွန်၊ ကရင်စတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ပေါင်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အမျိုးသားတန်းတူ အခွင့်အရေးတွေအတွက် တောင်းဆိုနေတဲ့ တပ်ပေါင်းစုတစ်ခုဖြစ်ပါတယ်။
နီပွန်ဖေါင်ဒေးရှင်းကလည်း အဲဒီလို နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အကူအညီပေးမယ်လို့ UNFC ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။