ပုသိမ်မြို့မှာ NLD ပါတီဝန်းရံသူတွေ လူစုလူဝေးနှင့် အင်အားပြ လှည့်လှည်


2020.10.17
nld-campaign-pathein-oct17-622.jpg ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ၂၀၂၀၊ အောက်တိုဘာ ၁၇ ရက်နေ့က NLD ဝန်းရံသူတွေ အင်အားပြ မဲဆွယ်စည်းရုံးခဲ့စဉ်
.

ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မြို့မှာ အောက်တိုဘာလ ၁၇ ရက်နေ့က NLD ဝန်းရံသူတွေက လူစုလူဝေးနှင့် မြို့အနှံ့ အင်အားပြလှည့်လည်ခဲ့ပါတယ်။

Stay at Home မြို့နယ် အဖြစ်သတ်မှတ်ထားတဲ့ ပုသိမ်မြို့နယ်ထဲမှာ အင်အားပြ မဲဆွယ်စည်းရုံးခဲ့တာဖြစ်ပြီး ရပ်ကွက်တွေက အဖွဲ့ တွေနှင့်ထွက်ပြီး လှည့်လည်တာဆိုတာ့ ခန့်မှန်းလူအင်အား သုံးထောင်ခန့် ရှိနိုင်တယ်လို့ ပုသိမ်မြို့ခံတစ်ဦးက ပြောပါတယ်။

NLD ပါတီကို ထောက်ခံတဲ့အနေနဲ့ အင်အားပြ လှည့်လှည်ခဲ့တဲ့ ပါတီဝန်းရံသူတွေက ဆိုက္ကားတွေ၊ မော်တော်ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေ၊ မော်တော်ယာဉ်တွေပေါ်မှာ အလံတွေ ကိုင်ဆောင်ကာ လှည့်လှည်ခဲ့ကြတာပါ။

ပုသိမ်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တွေက ပါတီဝန်းရံသူတွေက လိုင်းပေါ်မှာ ချိတ်ဆက်လုပ်ဆောင်တာဖြစ်ပြီး ပါတီရဲ့ ခွင့်ပြုချက်နှင့် လုပ်တာမဟုတ်ဘူးလို့ NLD ပါတီရဲ့ ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ရေးအောင်နိုင်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်ခင်လှဌေးက ပြောပါတယ်။

“ကျမတို့ ပုသိမ်မြို့အနေအထားနဲ့ကတော့ ကိုဗစ်ဥပဒေကို လိုက်နာဖို့အတွက် နှိုးဆော်ထားပြီးသားပါ။ နောက်ပြီးတော့ NLD မှာရှိနေတဲ့ အောင်နိုင်ရေးအဖွဲ့တွေကရော၊ အလုပ်အမှုဆောင်တွေကရော အကုန်လုံးက မေတ္တာရပ်ခံထားပါတယ်။ ဒါပေမယ့်လည်း ပြည်သူကတော့ အင်နဲ့အားနဲ့ ပါတီကို ဝန်းရံတဲ့အတွက် ကျွန်မတို့ဘက်က ကျေးဇူးလည်း တင်တယ်။ နောက်ပြီးတော့ ပြည်သူတွေအတွက်လည်း စိုးရိမ်တယ်။ ကိုဗစ်ကာလ မို့လို့လေ။"

NLD  အနေနှင့် ဧရာဝတီတိုင်းဒေသကြီး ရဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပုသိမ်မြို့နယ် အတွက် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) နေရာအတွက် ဦးတင်ထွဋ္ဋ်လင်း၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် ဦးဝေလှိုင်ထွန်း၊ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁) နေရာအတွက် ဦးသန်းထွဋ္ဋ်၊ ပုသိမ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၂) နေရာအတွက် ဦးလွင်ဦးမောင်တို့က ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

ပုသိမ်မြို့အနေနဲ့ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ပုသိမ်ဆေးရုံကြီးမှာ တက်ရောက်ခဲ့တဲ့ ကိုဗစ်လူနာ ၁၅၉ ဦးရှိပြီး ဆေးရုံးဆင်းလူနာက ၁၄၈ ဦးရှိတယ်လို့ ပုသိမ်ဆေးရုံးအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ္ဋ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေနဲ့ သတင်းပေးပို့ချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။