NLD အစိုးရ ဥပဒေစိုးမိုးရေး မလုပ်နိုင်ခဲ့ကြောင်း ရှေ့နေအဖွဲ့တွေ ဝေဖန်

ကျော်လွင်ဦး
2020.12.14

မြန်မာနိုင်ငံ တရားစီရင်ရေးမှာ တရားစီရင်ကြားနာမှုစံနှုန်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် နိုင်ငံသား အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ ရှေ့နေအဖွဲ့အစည်း (၁၁) ဖွဲ့က ဒီဇင်ဘာ ၆ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။။

တရားဥပဒေစိုးမိုးရေးကို လက်ရှိအစိုးရသက်တမ်းမှာ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ဘူး၊ လုပ်ဖို့အများကြီး လိုအပ်နေသေးတယ်လို့ ရှေ့နေအဖွဲ့တွေက ထောက်ပြကြပါတယ်။ NLD ပါတီဘက်ကတော့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာမျှတတဲ့ တရားစီရင်ရေး စံနှုန်းအတွက် လိုက်နာဆောင်ရွက်မှုတွေ အားနည်းနေပြီး ပြည်သူအားလုံး နိုင်ငံသားအခွင့်ရေးတွေ ဆုံးရှုံးနေတယ်လို့ ရှေ့နေအဖွဲ့အစည်း ၁၁ ဖွဲ့က ဝေဖန်လိုက်ပါတယ်။

တရားဥပဒေ စိုးမိုးရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းတွေကို ကိုးကားထားတဲ့ “ မျှတသော တရားစီရင်ကြားနာမှုဆိုင်ရာ စံနှုန်းများ” ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂၀၁၈ ခုနှစ်က ထုတ်ဝေခဲ့ပေမယ့်လည်း အကောင်ထည်ဖော်မှု အားနည်းနေတယ်လို့ ရှေ့နေ ၁၁ ဖွဲ့က ပြောခွင့်ရ တရားလွှတ်တော် ရှေ့နေ ဒေါ်အေးမွန်သူက ပြောပါတယ်။

“ပြည်သူတွေနဲ့ထိတွေ့က ရဲကနေစထိတွေ့တာပေါ့နော်၊ နောက်ဆုံးတရားရုံးအထိ ရောက်သွားတာပေါ့၊ အဲအဆင့်ဆင့် တရားစွဲအဖွဲ့အစည်းတွေအားလုံးက သူတို့ဥပဒေတစ်ခု ထုတ်ပြန်ပြီဆိုရင် အဲဥပဒေပါအခွင့်အရေးကို အကာအကွယ်ပေးဖို့ သူတို့မှာတာဝန်ရှိတယ်၊ ဒါပေမဲ့လည်း ဒီနေ့အထိ ချိုးဖောက်ခံရတုန်းပဲ၊ တစ်ကမ္ဘာလုံးရဲ့ တရားမျှတမှုဆိုင်ရာ ညွှန်းကိန်းတွေမှာ မြန်မာနိုင်ငံက ဒီအဆင့်မှာပဲ ရှိနေတုန်းပဲ၊ အဲအဆင့်ကကို တတ်မလာဘူး၊ ဒီသက်တမ်းမှာရော တတ်လာနိုင်ချေရှိလား၊ အဲဒါကို မေးခွန်းထုတ်ချင်တာ”

ကမ္ဘာနိုင်ငံတွေရဲ့ တရားဥပဒေစိုးမိုးမှုဆိုင်ရာ ညွှန်းကိန်းတွေအရ နိုင်ငံပေါင်း ၁၂၈ နိုင်ငံမှာ မြန်မာက အဆင့် ၁၁၂ မှာ ရှိနေဆဲဖြစ်ပါတယ်။

NLD အစိုးရ ပထမသက်တမ်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ စိုးမိုးရေးလုပ်ဖို့ ဦးစားပေးအစီစဉ်တွေထဲမှာ ပါဝင်ပေမယ့် တကယ်လက်တွေ့မှာ လုပ်ဆောင်နိုင်တာ မရှိဘူးလို့လည်း ရှေ့နေအဖွဲ့တွေက ထောက်ပြကြပါတယ်။ အဲဒါကြောင့် အခုလာမယ့် အစိုးရသက်တမ်းမှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေအတိုင်းလုပ်ဖို့နဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းထားပါတယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်စတဲ့ ဒေသတွေမှာရှိတဲ့ ရှေ့နေအဖွဲ့ (၁၁) ဖွဲ့ ပူးပေါင်ပြီး ရာဇဝတ်မှုပေါင်း (၁၀၇) မှုက အချက်အလက်တွေအပေါ် အခြေခံ သုတေသန ပြုလုပ်ထားတဲ့ အစီရင်ခံစာကို ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

ဒီထဲမှာပါဝင်တဲ့ အမှုတွေဟာ ၂၀၁၇ ကနေ ၂၀၁၉ ထိ အစီရင်ခံထားတဲ့ အမှုတွေ ဖြစ်ပါတယ်။
ရှေ့နေအဖွဲ့တွေ သုတေသနလုပ်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်း ၆ ခုအပြင် တခြားဒေသတွေမှာလည်း ပြည်သူတွေ ဥပဒေရဲ့ အကာအကွယ်မရပဲ မှားယွင်းဖမ်းဆီးခံရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။

မှားယွင်းဖမ်းဆီးခံရမှုတွေထဲက လူသိများတာကတော့ နေပြည်တော်က Victoria သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်ပြီး မှားယွင်းအဖမ်းခံခဲ့ရတဲ့ ကိုအောင်ကြီးပါ။

ကိုအောင်ကြီးရဲ့အဖေဖြစ်သူ ဦးမြသိန်းက မှားယွင်းဖမ်းဆီးခံရသူတွေဟာ သူအပါအဝင် မိသားစုတွေပါ ဒုက္ခရောက်တာကြောင့် သေချာစိစစ်ပြီးမှာ ဖမ်းဆီးသင့်တယ်လို့ ပြောပါတယ်။

“ကျနော်သားလိုပဲ နောက်နောင်မှားပြီး မဖမ်းဖို့၊ စိစစ်ပြီးတော့ မှန်ရင်မှန်တဲ့အတိုင်း လုပ်ဆောင်စေချင်တာပေါ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို၊ မှားယွင်းပြီး ဖမ်းဆီးတယ်ဆိုရင် လူတစ်ယောက်အဖို့ သူကိုယ်တိုင်ရော သူရဲ့နောက်က မိသားစုအသိုင်းအဝိုင်းတွေရော အကုန်ဒုက္ခရောက်တာပေါ့၊ သူရဲ့မှားယွင်းဖမ်းခံရတဲ့ အရာဝတ္ထုအားလုံးဟာ မိသားစုအသိုင်းအဝိုင်းဟာ နောက်ပိုင်းမှာ အများကြီးဒုက္ခရောက်တယ်”

ကိုအောင်ကြီး (ခေါ်) ကိုအောင်ကျော်မျိုးက မှားယွင်းဖမ်းဆီးခံရပြီး ထောက်ထဲမှာ ၆ လကျော်ကြာ နေထိုင်ရတာကြောင့် သူ့ရဲ့ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက ကျပ်သိန်း ၅၀၀၀ လျော်ကြေးရလိုကြောင်း ဒီဇင်ဘာ ၈ ရက်နေ့မှာ ဒက္ခိဏခရိုင်တရားရုံးမှာ တိုင်ကြားထာပါတယ်။

ပြစ်မှုဆိုင်ရာမှုခင်းတွေကို စီရင်ကြားနာရာမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ "မျှတသော တရားစီရင်ရေးစံနှုန်းများ" စံသတ်မှတ်ချက်ကို ပြည့်မီဖို့ လိုအပ်နေသေးတယ်လို့ မြန်မာ့ရှေ့နေအဖွဲ့ (၁၁) ဖွဲ့ ပူးပေါင်းထုတ်ဝေတဲ့ သုတေသန အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မျှတတဲ့ တရားစီရင်ကြားနာမှု စံနှုန်းတွေကို လိုက်နာဆောင်ရွက်မှု အားနည်းတာကြောင့် ပြည်သူလူထု တစ်ဦးချင်းရဲ့နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့လည်း အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ပြည်သူတွေဟာ သူတို့ကို ဖမ်းဆီးတဲ့ အကြောင်းရင်းတွေ သိရှိပိုင်ခွင့်မရတာ၊ ရဲစခန်းမှာ ရှေ့နေငှားရမ်းပိုင်ခွင့်၊ ရှေ့နေနဲ့ လျှို့ဝှက်စိတ်ချရတဲ့နေရာမှာ တွေ့ဆုံနိုင်ခွင့်စတဲ့ အချက်တွေ အပါအဝင် အချက် ၈ ချက် ဆုံးရှုံးနေတယ်လို့ ရှေ့နေအဖွဲ့တွေရဲ့အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးဟာ အထူးလိုအပ်နေပြီး ဥပဒေနဲ့မညီဘဲ ဖမ်းဆီးတာ၊ ဖမ်းဆီးခံရရင်လည်း ဥပဒေရဲ့ အကာအကွယ်တွေ အပြည့်အဝ မရသေးဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အဖွဲ့ အလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။

“တကယ်လည်း တရားဥပဒေစိုးမိုးရေးက ကျနော်တို့နိုင်ငံမှာ လိုအပ်နေသေးတယ်၊ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နေတဲ့ ရဲပဲဖြစ်ဖြစ် တရားဥပဒေစိုးမိုးရေးကို ကိုင်တွယ်နေတဲ့ အဖွဲ့အကုန်ပေါ့ဗျာ ဒါတွေကနေ လူတွေကို ဖမ်းဆီးတဲ့အခါမှာ ဥပဒေနဲ့မညီပဲ ဖမ်းဆီးတာတွေ ကျနော်တု့ိ ကြားသိနေရတယ်၊ ကြုံလည်းကြုံနေရတာပဲ၊ ဖမ်းဆီးခံရတဲ့သူတွေက ဥပဒေရဲ့ အကာအကွယ် အပြည့်အဝမရဘူးဆိုတာလည်း အားလုံးအသိပဲပေါ့နော်၊ ဒီလို့ဥပဒေနဲ့မညီပဲ ဖမ်းဆီးတာတွေလည်း အများကြီးရှိနေတယ်”

NLD အစိုးရသက်တမ်းအတွင်း တရားဥပဒေစိုးမိုးရေး ထိရောက်စွာ မလုပ်နိုင်ခဲ့ကြောင်း ဝေဖန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရရဲ့တုံ့ပြန်ချက်ကိုသိနိုင်ဖို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA က မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

NLD အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ရာမှာ အကန့်အသတ်တွေရှိနေတယ်လို့ NLD ပါတီ အောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“တရားရေးအဖွဲ့အစည်းရဲ့ အတွေအကြုံနဲ့သူရဲ့ ဘာကိုမှကြောက်လန့်မနေပဲ လွတ်လပ်စွာ တရားစီရင်နိုင်တာ၊ တရားစီရင်ရေးအဖွဲ့ဆိုတာ နှစ်အဆက်ဆက် ကျနော်တို့ အမိန့်ပေး၊ အမိန့်ခံနဲ့ လုပ်ခဲ့ရတဲ့အခါမှာ သူတို့မှာ ဒီမိုကရေစီနဲ့ အသားလည်း မကျသေးဘူး၊ ဒါပေမဲ့ ကျနော်တို့ ဖြစ်နိုင်သရွေ့အမြန်ဆုံးပြင်ဖို့ ကြိုးစားမှာပဲခင်ဗျ၊ မဖြစ်မနေပြင်ကို ပြင်ရမယ့်ကိစ္စလည်းဖြစ်ပါတယ်၊၊ သို့သော် လက်ရှိနိုင်ငံရေး အခင်းအကျင်းအရ အကန့်အသတ်တွေရှိတယ်။ ဒီအကန့်အသတ်အတွင်းမှာ မြန်နိုင်သမျှမြန်အောင် လုပ်ရမယ်လို့တော့ ကျနော် ပြောချင်ပါတယ်”

နောက်လာမယ့် အစိုးရတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ တရားမျှတမှုတွေ အားနည်းနေတာတွေကို အကာအကွယ်ပေးဖို့နဲ့ တရားစီရင်ရေးစနစ်ကို ပြည်သူတွေ ပိုမိုသိရှိဖို့၊ ပိုမိုလေးစားလိုက်နာမှုတွေ မြှင့်တင်ဖို့လည်း ရှေ့နေ ၁၁ ဖွဲ့က သုတေသနလုပ်ပြီး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။