လွတ်ငြိမ်းခွင့်နဲ့လွတ်လာတဲ့ NLD လွှတ်တော်အမတ် ပြန်လည်ဖမ်းဆီးခံရ

RFA Burmese
2024.01.05
လွတ်ငြိမ်းခွင့်နဲ့လွတ်လာတဲ့ NLD လွှတ်တော်အမတ် ပြန်လည်ဖမ်းဆီးခံရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ပဲခူးတိုင်း သာယာ၀တီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်အား တွေ့ရစဉ်။
U Aung Myint Facebook

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပဲခူးတိုင်း သာယာ၀တီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြင့်ကို ဇန်ဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ သာယာ၀တီထောင်ကနေ ပြန်လွှတ်ပေးခဲ့ပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ထောင်ထဲကို ပြန်ပို့လိုက်ပြီလို့ ဦးအောင်မြင့်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

အကျဉ်းထောင်က ထွက်လာချိန် သာယာ၀တီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကိုခေါ်ဆောင်သွားပြီး နောက် ဒီနေ့မနက်မှာ အကျဉ်းထောင်ကို ပြန်ပို့ခဲ့တာလို့ သာယာ၀တီမြို့ခံတစ်ဦးက ပြောပါတယ်။

“သူက မနေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးဆီကိုရောက်တယ်။ အဲဒီကတစ်ဆင့် သာယာ၀တီ မြို့မရဲစခန်းထဲထည့်တယ်။ အခုမနက်ရတဲ့သတင်းကတော့ ထောင်ကြီးချုပ်ကို ပို့လိုက်ပြီလို့ သိရပါတယ်”

ဦးအောင်မြင့်ဟာ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဖမ်းဆီးခံရပြီး သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့ သာယာဝတီထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလထဲမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ထပ်တိုးတရားစွဲခံရပြီး သာယာ၀တီ ထောင်မှာ ဆက်လက်ချုပ်နှာင်ခံခဲ့ရတာလို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး တင်ဦးကတော့ ဒီကိစ္စကို မကြားမိသေး ကြောင်းနဲ့ ဒီလိုပြန်ဖမ်းတယ်ဆိုရင်လည်း အကြောင်းမဲ့မဟုတ်ဘဲ သူ့မှာ အမှုတွေရှိလို့သာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

ဦးအောင်မြင့်ဟာ NLD ပါတီရဲ့ သာယာ၀တီမြို့နယ်ဥက္ကဋ္ဌဖြစ်သလို ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ နှစ်ခုဆက် အနိုင်ရထားသူလည်း ဖြစ်ပါတယ်။

သာယာဝတီ အကျဉ်းထောင်ကနေ မနေ့က အကျဉ်းသား ၁၅၄ ဦး လွတ်မြောက်ပြီး အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားက သုံးဦးခန့်သာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင် အသီးသီးက အကျဉ်းသူ၊ အကျဉ်းသား ၉၆၅၂ ဦး ကို လွတ်ငြိမ်းခွင့်ပြုခဲ့ပေမယ့် ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်တယ်လို့ အကျဉ်းထောင်တွေအကြောင်း စောင့်ကြည့်လေ့လာနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။