ကန်ကြီးထောင့် NLD အမတ် စစ်ကြောရေး နှိပ်စက်ဒဏ်ရာနဲ့ ဆေးကုသမှုခံယူနေရ
2024.02.09

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးထွန်းဟာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးကနေ ရလာတဲ့ဒဏ်ရာတွေကြောင့် ပုသိမ် ထောင်တွင်းဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သူနဲ့နီးစပ်မှုရှိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
“အကြီးအကျယ် နှိပ်စက်ထားတယ်။ ဆေးရုံတင်ထားရတယ်။ ပြည်သူကနေ ရွေးချယ်ထားတဲ့ တရားဝင် ကိုယ်စားလှယ်တွေကို မတရားဖမ်းဆီး နှိပ်စက်ထောင်ချတယ်ဆိုတဲ့ကိစ္စက တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ပေါ့။ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုရင် သူတို့အနေနဲ့ တာဝန်ခံကိုခံရမယ်”
ဦးစိုးမိုးထွန်းဟာ ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ရွာက သူ့ရဲ့နေအိမ်ကိုပြန်လာစဥ် ဇန်နဝါရီလ ၁၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှုခံခဲ့ရတာပါ။
စစ်ကောင်စီက ဦးစိုးမိုးထွန်းဖမ်းဆီးပြီးနောက် ပုသိမ်မြို့မှာရှိတဲ့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကိုခေါ်သွားပြီး နှိပ်စက်စစ်ဆေးခဲ့တာကြောင့် ပေါင်တစ်ခြမ်းကြေမွပြီး ပုပ်သွားတယ်လို့ ဧရာဝတီတိုင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် နောက်တစ်ဦးက RFA ကိုပြောပါတယ်။
“ပေါင်တစ်ခြမ်း ကြွက်သားဒဏ်ရာကပုပ်ပြီး ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေကြောင့် မှောက်ခုံအိပ်နေရတယ်လို့ သိရပါတယ်။ စိုးရိမ်ရပါတယ်”
လက်ရှိမှာတော့ ဦးစိုးမိုးထွန်းကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်ကနေ ပုသိမ်အကျဥ်းထောင်ကို ပြောင်းရွှေ့ထားပြီး ရိုက်နှက်ခံထားတဲ့ဒဏ်ရာတွေကြောင့် ထောင်တွင်းဆေးရုံမှာ ဆေးကုသမှုခံယူနေရတာလို့ သူ့မိတ်ဆွေ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဦးစိုးမိုးထွန်းဟာ ၂၀၁၅ နဲ့ ၂၀၂၀ အထွေးထွေ ရွေးကောက်ပွဲတွေမှာ NLD ပါတီရဲ့ တိုင်းကိုယ်စားလှယ်အဖြစ် ကန်ကြီးထောင့်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရခဲ့သူပါ။
၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ အလုပ်သမားအရေး၊ သိမ်းဆည်းခံ လယ်ယာမြေအရေးကိစ္စတွေမှာ တက်ကြွစွာပါဝင်ခဲ့သူလို့လည်း သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။
ဦးစိုးမိုးထွန်းကို ဖမ်းဆီးနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကြောင့် ထောင်တွင်းဆေးရုံမှာ ကုသမှုခံယူနေရတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ဧရာဝတီတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပါဘူး။
NLD ပါတီ လူ့အခွင့်အရေး မှတ်တမ်းကောက်ယူရေးအဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၁၄၀ နဲ့ ပါတီဝင် ၁၈၉၀ ဦးဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးနဲ့ ပါတီဝင် ၆၁၉ ဦးသာ ပြန်လွတ်မြောက်လာသေးတယ်လို့ ဆိုပါတယ်။