NLD လွှတ်တော်အမတ်ရဲ့ အစ်ကိုဖြစ်သူ စစ်ကြောရေးမှာ သေဆုံး

RFA Burmese
2023.06.16
NLD လွှတ်တော်အမတ်ရဲ့ အစ်ကိုဖြစ်သူ စစ်ကြောရေးမှာ သေဆုံး ၂၀၂၀ ဧပြီလက တနင်္သာရီတိုင်း မြိတ်မြို့တစ်နေရာကို တွေ့ရစဉ်။
Zaw Zaw Facebook

တနင်္သာရီတိုင်း မြိတ်မြို့နယ်က NLD ပါတီရဲ့အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်ရဲ့အစ်ကိုဖြစ်သူ ဦးတင်သန်းဦးဟာ ဖမ်းဆီးခံရပြီးနောက်ဆယ်ရက်အကြာမှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

စစ်ကြောရေးမှာသေသွားတယ်ဆိုပြီး မိသားစုကို ရဲစခန်းကအကြောင်းကြားလာတယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"သူ့မိသားစုကို ဒီနေ့(ဇွန်လ ၁၆ရက်) ကိုတင်သန်းဦး စစ်ကြောရေးမှာသေသွားတယ်လို့ ရဲစခန်းကအကြောင်းကြားတယ်၊ အလောင်းတော့ပြန်မရသေးဘူး။"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၆ ရက်နေ့က ဦးတင်သန်းဦးကို မြိတ်မြို့ နောက်လယ်ရပ်ကွက်က သူ့နေအိမ်မှာဖမ်းဆီးခဲ့ပြီး ၁၀ ရက်အကြာ စစ်ကြောရေးမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

ညီဖြစ်သူနဲ့ပတ်သက်ပြီး အခုလို ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ မိသားစုနဲ့နီးစပ်သူတွေက ယူဆကြပါတယ်။

ဦးတင်သန်းဦးရဲ့ ညီဖြစ်သူ ဦးမင်းဇော်တင့်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တနင်္သာရီတိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးယဉ်ထွေးရဲ့ တုံ့ပြန်ချက်ရဖို့ RFA က ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့ကလည်း ထားဝယ်မြို့ပေါ်မှာ အစ္စလာမ်ဘာသာဝင် လူငယ်တစ်ဦးဖြစ်တဲ့ ကိုကျော်သူရ ဖမ်းဆီးခံရပြီးနောက် ငါးရက်အကြာ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၆၀ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။