အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ဆိုင်းဘုတ် ပြန်တင်

တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခွင့် ရပြီးနောက် NLD ပါတီ ရွှေဂုံတိုင် ဌာနချုပ်မှာ ဒီကနေ့ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပခဲ့ပါတယ်။

2012.01.09
assk_office_11-15-2010_305_z.png နေအိမ်အကျယ်ချုပ်မှ လွတ်လာပြီးနောက် ပါတီ တာဝန်များကို ပြန်လည် ထမ်းဆောင်ရန် ပထမဆုံးနေ့အဖြစ် နိုဝင်ဘာ ၁၅ ရက်က ဒေါ်အောင်ဆန်းစုကြည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ရောက်ရှိလာစဉ် လူထု ပရိသတ်က ဝိုင်းဝန်း ဆီးကြို နှုတ်ဆက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

၁၉၈၈ ခုနှစ်ကတည်းက ထူထောင်ခဲ့တဲ့ အန်အယ်လ်ဒီ အနေနဲ့ ဒီအခမ်းအနားကို ၂၁ ရာစု အားမာန်သစ် ခံယူချက်နဲ့ ဖွင့်လှစ်လိုက်တာ ဖြစ်တယ်လို့ ဗဟိုအောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။

“၁၉၈၈ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မှတ်ပုံတင်ပြီး ဖြစ်၍ နိုင်ငံရေးပါတီကြီး တစ်ရပ် အနေနဲ့ ရပ်တည်လျက် ရှိတယ် ဆိုတာကို ကျွန်တော်တို့က အစဉ်ပဲ ယုံကြည်စွဲလမ်း သတ်မှတ်ထားပြီးသားပါ။ ခုဟာကတော့ အဖွဲ့ချုပ် အနေနဲ့ စိတ်သစ်လူသစ် အဖွဲ့အစည်းသစ် သဘော သက်ရောက်အောင်၊ နောင်သွားမယ့် အခင်းအကျင်းနဲ့ ညီအောင် အဖွဲ့ချုပ် အလံတင်တာနဲ့ ဆိုင်းဘုတ်တင်တာ လုပ်တာပါ”

ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီကို ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင် နိုင်ငံရေး ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့ပါတယ်။ ဒါကြောင့် ပါတီဝင်သစ်တွေ စတင် လက်ခံနေပြီး ပြည်နယ်နဲ့တိုင်း ဒေသကြီး တစ်ခုစီကို အဖွဲ့ဝင်သစ် လျှောက်လွှာ နှစ်သိန်းစီ ဖြန့်ဝေထားတယ်လို့ ဦးတင်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီ ဖွဲ့စည်းပုံ အသစ်နဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“ဖွဲ့စည်းပုံအသစ် အရ သဘာပတိ အဖွဲ့အစည်း ရှိပါတယ်။ ပြီးတော့ ဗဟို အလုပ်အမှုဆောင် အဖွဲ့အစည်း ရှိပါတယ်။ သဘာပတိ အဖွဲ့ကိုတော့ နာယက အဖြစ် ဦးတင်ဦးက ခေါင်းဆောင်ပါမယ်။ ဦးသန်းထွန်း၊ ဦးညွန့်ဝေ၊ ဦးလှဖေတို့ ပါဝင်ပါမယ်။ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကတော့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ နောက်ပြီးတော့ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဦးအုံးကြိုင်၊ ဦးထွန်းထွန်းဖေ၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပါမယ်”

ဒီကနေ့ ညနေပိုင်းမှာတော့ ပြည်ထောင်စု တိုင်းရင်းသား ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေရေးမှာ ပါဝင်ကူညီသူ အားလုံး အတွက် ဂုဏ်ပြုပွဲကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။