လက်ပံတောင်းတောင်အရေး NLD ကြေညာချက်ထုတ်
2014.12.24

ဒီကိစ္စကို အစိုးရက အမြန်ဆုံးဖြေရှင်းပေးဖို့ လိုအပ် ပါတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။
"ကျနော်တို့ဥက္ကဌက အရင်တုန်းက လက်ပံတောင်းတောင်ကိစ္စမှာ စုံစမ်းစစ်ဆေး မှုကော်မတီ ဥက္ကဌပါ၊ ဆောင်ရွက်ဖွယ်ရှိတဲ့ကိစ္စတွေ ကို ဆောင်ရွက်ဖို့ဆိုပြီး တိုက်တွန်းတဲ့ အကြံပြုချက်တွေ ပါပါတယ်၊ ဒီအကြံပြုချက်တွေအတိုင်း အကောင်အ ထည်ဖော်တဲ့ကော်မတီက ဆောင်ရွက်တာမတွေ့ဘူးလို့ အဲ့လိုပြောရမှာပေါ့၊ ဆောင်ရွက်ထားနိုင်တာ မရှိတဲ့ အတွက်ကြောင့် ပဋိပက္ခများဖြစ်လာကြတာပေါ့၊ ပဋိပက္ခမှာ ဥပဒေနဲ့ ဖြေရှင်းတဲ့နည်းတွေရှိပါတယ်၊ ဒါမကျင့်သုံး တဲ့အတွက်ကြောင့် နိုင်ငံသားတစ်ဦး သေဆုံးတဲ့အထိဖြစ်ရတာပါ၊ ဒီဥစ္စာကို ဘယ်သူ့မှာတာဝန်ရှိတယ်၊ ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီးတော့ တာဝန်ရှိသူကို အရေးယူးပေးဖို့ ကျနော်တို့ တိုက်တွန်းထားတာပါ"
ဒီဇင်ဘာလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တဲ့အတွက် မိုးကြိုးပြင်အလယ်ရွာက ဒေါ်ခင်ဝင်း သေဆုံးခဲ့ပြီး လူကိုးယောက်လောက် မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုချက်အစီရင်ခံစာကို တင်ပြခဲ့ပါတယ်။ အဲဒီ အကြံပြုချက်အစီရင်ခံစာမှာ လူစုလူဝေးခွဲဖို့ သံုံးစွဲရန်ရည်ရွယ်တဲ့ ဘယ်လိုလက်နက်မျိုးကိုမဆို ကြိုတင် စမ်းသပ်ပြီး ထိခိုက်မှု၊ အကျိုးသက်ရောက်မှုနဲ့ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိမလဲဆိုတာကို ရဲတပ်ဖွဲ့ဝင်တွေက ကြိုတင်စမ်းသပ် လေ့လာထားသင့်တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် မြေယာလျော်ကြေးကို ကာလတန်ဖိုးနဲ့ ကိုက်ညီအောင် တိုးမြှင့်ပေးဖို့နဲ့ လယ်ယာမြေဆုံးရှုံးသွားသူတွေ အတွက် အစားထိုးမြေလွတ်မြေလပ် ၁၉၀၀ ဧကကို စိုက်ပျိုးနိုင်တဲ့မြေဖြစ်အောင် ပြုပြင်ခွဲဝေပေးဖို့လည်း အကြံပြုထားပါတယ်။
ဒီအတောအတွင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် လွန်ခဲ့တဲ့ ၂ ရက်က ကွယ်လွန်ခဲ့တဲ့ မိုးကြိုးပြင်အလယ်ရွာ က ဒေါ်ခင်ဝင်းဟာ သေနတ်ကျည်ဆန်ကြောင့် သေဆုံးတာဖြစ်ကြောင်း ဆားလင်းကြီးမြို့ဆေးရုံရှိ မှုခင်းဆရာဝန်က အတည်ပြုပြောကြားခဲ့တယ်လို့ အမှုကိုအကူအညီပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် မနီလာသိန်းက ပြောပါတယ်။
"မြို့နယ်ဆရာဝန်ရယ်၊ မုံရွာက မှုခင်းဆရာဝန်ရယ်လာပါတယ်၊ သူတို့ရဲ့ဖြေကြားချက်ကတော့ ဦးခေါင်းထိပ် ကနေပြီးတော့ ကျည်ဆန်က အနောက်ကိုထွက်သွားပါတယ်၊ ဒီဒဏ်ရာက သေနတ်ဒဏ်ရာလို့လည်းပြောပါတယ်၊ ဒါကကျည်ဆန်အစစ်ပေါ့၊ ဖိုက်ဘာကျည်ဆန်ဆိုရင်လည်း ဖိုက်ဘာကျည်ဆန်လို့ ဆရာဝန်က သုံးသပ်ပြောဆို မှာပေါ့နော်၊ ဒီအပေါ်မှာ ဆရာဝန်က ကျည်ဆန်ဟုတ်တယ်ဆိုတာ သေချာပြောသွားပါတယ်"
ဒေါ်ခင်ဝင်းရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ မိုးကြိုးပြင်အလယ်ရွာကို ဒီကနေ့ ပြန်လည်သယ်ဆောင်သွားပါတယ်။
NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊