တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အရေးယူပေးဖို့တိုင်ကြား


2019.02.03
dr-lelemaw-622.jpg တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို တွေ့ရစဉ်
Photo: RFA

ဆွေမျိုးနီးစပ်သူတွေကို စီးပွားရေးလုပ်ငန်းတွေ ချထားပေးတာတွေအပါအဝင် လာဘ်ပေး လာဘ်ယူတာတွေ ရှိတယ်ဆိုပြီး တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်ကို စစ်ဆေးအရေးယူပေးဖို့ မြိတ်ခရိုင်မှာရှိတဲ့ NLD ပါတီ ထောက်ခံသူ ၆၀ ကျော်က ပါတီဗဟိုကို တိုင်ကြားလိုက်ပါတယ်။

တူမဖြစ်သူကို ကိုယ်ရေးအရာရှိ ခန့်အပ်တာ၊ တူမရဲ့ခင်ပွန်းဖြစ်သူ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ GGS ကုမ္ပဏီကို ထားဝယ်ခရိုင်အတွင်း သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးဖို့ လုပ်ပိုင်ခွင့်ချပေးတာ၊ လေယာဉ်ကွင်း ခြုံရှင်းခ ကျပ်သိန်း ၄ ထောင်အသုံးပြုတာ၊ ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်း မူလပိုင်ဆိုင်တာတွေထက် အမြောက်အမြားတိုး လာတာ စတဲ့ အချက်တွေကို ထည့်သွင်းပြီး မနေ့က တိုင်ကြားခဲ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တိုင်ကြားသူ တစ်ဦးက RFA ကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ထားသူဟာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးရဲ့ သမီး ဖြစ်ပါတယ်။

ဒါကြောင့် ဝန်ကြီးချုပ်အပြင် တနင်္သာရီတိုင်း အရေးကိစ္စတချို့မှာ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဦးအောင်စိုးကိုလည်း စစ်ဆေးအရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။

ဒေါက်တာ လဲ့လဲ့မော်ကို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထားဝယ်ခရိုင် ဒေသခံ ၄၀ ကျော်က တိုင်ကြားထားတာကြောင့် ပါတီဗဟိုက စစ်ဆေးမေးမြန်းတာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။