NLD နာယက သူရဦးတင်ဦး ဆက်လက်ဆေးကုသမှု ခံယူနေရ
2024.02.20

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက သူရဦးတင်ဦးဟာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ဆေးရုံပြန်တက်နေရပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သူရ ဦးတင်ဦးဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ရန်ကုန်ဆေးရုံသစ် (ဂျပန် ဆေးရုံကြီး) မှာ ဆေးကုသမှု ခံယူခဲ့ပြီး အခုတော့ ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံနေတယ်လို့ ဆိုပါတယ်။
“ပထမတစ်ကြိမ် ဆေးရုံဆင်းတုန်းက နှာခေါင်းအစာပိုက်နဲ့ အိမ်မှာနေရတာ။ အဲဒီအစာပိုက်က ပြုတ်သွားတော့ ဆရာဝန်၊ ဆရာမတွေကလည်း ဆေးရုံမှာပဲနေဖို့ ဆေးရုံမှာဆိုရင် ဆေးကုသမှုအပိုင်းတွေက ပိုပြီးထိရောက်မှာဖြစ်တာကြောင့် ဆေးရုံ ပြန်တက်လိုက်တာပါ။ စိုးရိမ်ရတာမရှိပါဘူး”
သူရ ဦးတင်ဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ရွှေညဝါဆရာတော်ကို သင်္ဃန်းကပ်လှူခဲ့သေးတယ်လို့ သူကပြောပါတယ်။
အသက် ၉၇ နှစ်အရွယ် သူရ ဦးတင်ဦးဟာ ၂၀၁၇ ခုနှစ်က နေအိမ် ရေချိုးခန်းထဲမှာ ချော်လဲခဲ့ပြီး လေဖြတ်ဝေဒနာ ခံစားရချိန်ကစလို့ စကားကောင်းကောင်း မပြောနိုင်တော့တာပါ။
သူရ ဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်သလို ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို တည်ထောင်ခဲ့သူတွေထဲက တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။