တိုင်းရင်းသား မဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ ဖွဲ့စည်း


2014.10.04
nld-una-305.jpg NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေရဲ့ ပုံမှန်တွေ့ ဆုံဆွေးနွေးပွဲကို အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာကျင်းပစဉ်
Photo: NLD Facebook

ရန်ကုန်မြို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ဒီနေ့ကျင်းပတဲ့ NLD နဲ့ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေရဲ့ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကနေ တိုင်းရင်းသားမဟာမိတ် နိုင်ငံရေးပါတီများ လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ပူးပေါင်းအကောင် အထည်ဖော်ဖို့အတွက် ၂ လကြာ ဆွေးနွေးခဲ့ကြ ပြီးနောက် အခုလိုဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ NLD  ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

"ရည်ရွယ်ချက်တစ်ခုကတော့ နိုင်ငံရေးပါတီအချင်းချင်း ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံပေါ့ဖို့ ပိုပြီးတော့ နားလည်မှုရှိအောင်၊ နောက်တစ်ခုကတော့ သဘော ထားတူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ပါ၊ နောက်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ပါ၊ လစဉ်ပုံမှန်တွေ့မှာပေါ့လေ၊ ဒီကြားထဲ မှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဖြစ်ပေါ် ဆုံးဖြတ်မှုတွေထဲမှာ ကျနော်တို့ ဘယ်လိုပူးပေါင်းပါဝင်လာမလဲဆိုတဲ့အပေါ် မူတည်တာပေါ့"

အဲဒီလုပ်ငန်းအဖွဲ့ကို ဦးဆောင်မယ့် ၄ ဦးပါအဖွဲ့တစ်ခုကို လာမယ့် နိုဝင်ဘာလအတွင်း ရွေးချယ်တဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP၊ စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့က တစ်ဦးစီနဲ့ ကျန်ရှိ တိုင်းရင်းသား နိုင်ငံရေးပါတီတွေထဲ ကတစ်ဦး ရွှေးချယ်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲကို NLD၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဇိုမီးအမျိုးသား ဒီမိုကရေစီပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ၊ ကမန်အမျိုးသားပါတီနဲ့ UNA အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။