နိုင်ငံရေး ဆွေးနွေးပွဲ အတွက်သာ ပြင်ဆင်ဖို့ NLD တိုက်တွန်း


2016.01.04
updjc-620.jpg နေပြည်တော်၊ Horizon Lake View ဟိုတယ်မှာ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ UPDJC ရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပနိုင်ရေး ဆွေးနွေးကြစဉ်
Photo:Myo Thant Khaing/RFA

လာမယ့် ဇန်နဝါရီလ ၁၂  ရက်နေ့မှာ စတင်ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ ဆုံးဖြတ်ချက် တစ်စုံတရာချတာမျိုးမလုပ်ဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုတွေသာလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သဘောထားရှိကြောင်း ပါတီတာဝန်ရှိသူတွေက ဒီနေ့ ဆွေးနွေးပွဲမှာ ပြောကြတယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေးအတွက် မနက်ဖြန်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကျင်းပမှာဖြစ်တာကြောင့် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေနဲ့ အကြိုဆွေးနွေးကြတာဖြစ်တယ်လို့ UPDJC အတွင်းရေးမှူးတစ်ဦးဖြစ်တဲ့ ဦးစိုင်းကျော်ညွှန့် က ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲကို စတင်လိုက်နိုင်တယ်ဆိုတဲ့ သဘောထားသာလျှင် ဖြစ်တယ်ဆိုတဲ့အပေါ်မှာပဲ သူတို့က အခြေတည်ပြီးတော့ ငြိမ်းချမ်းရေးညီလာခံမှာတော့ ဘယ်အကြောင်းအရာကို ဆွေးနွေးမယ်၊ အတည်ပြုမယ် ဆိုတဲ့အဆင့်ကို မသွားဘဲနဲ့ ဒီညီလာခံမှာ သဘောအားဖြင့် ညီလာခံစည်းမျဉ်းစည်းကမ်းတွေရှိမယ်ဗျာ၊ ဒါမှမဟုတ် ရင် လုပ်ငန်းလမ်းညွှန်လိုမျိုး ရေးဆွဲမယ်ဆိုလို့ရှိရင် ဒါကနိုင်ငံရေးဆုံးဖြတ်ချက် မဟုတ်ဘဲနဲ့ နောင်အလုပ်ဆက် လုပ်လို့ရအောင် ပြင်ဆင်မှုပုံစံလောက်ကိုပဲ အကြမ်းဖျင်းဆွေးနွေးမယ်ပေါ့နော်"

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနဲ့ ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က အဖွဲ့ဝင်တချို့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝင်းထိန်၊ ဦးထွန်းထွန်းဟိန်၊ ဦးဉာဏ်ဝင်းနဲ့ ဦးနိုင်ငံလင်းတို့ဟာ ရန်ကုန်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံပွဲကို UPDJC အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းကျော်ညွန့်၊ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်း၊ ဦးခွန်မြင့်ထွန်းနဲ့ ဦးမျိုးဝင်း တို့ တက်ရောက်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၅ရက်ကြာ ကျင်းပဖို့ လျာထားပြီး ငွေကြေးကုန်ကျစရိတ်များနိုင်တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က ၃ ရက်လောက်သာ ကျင်းပသင့်တယ်လို့ အကြံပြုထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပရာမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ဖိတ်ကြားမယ့်သူတွေကို အတည်ပြုနိုင်ရေးအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူး အစည်းအဝေးကို မနက်ဖြန် ဇန်နဝါရီလ ၅ ရက်နေ့မှာ ရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပမှာဖြစ် ပါတယ်။

အဲဒီညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေအပြင် တိုင်းရင်းသားလူမျိုးတွေနဲ့ တခြားဖိတ်ကြားသင့်သူများဆိုတဲ့ ခေါင်းစဉ်တွေနဲ့ လူဦးရေ ၇၅၀ ဖိတ်ကြားမှာဖြစ်ပါတယ်။

UPDJC အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့်ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။