ဖမ်းဆီးခံတွေ ပြန်လွှတ်ဖို့၊ ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်ပြုဖို့ NLD တောင်းဆို
နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို အသိအမှတ်ပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
လွှတ်တော်အစည်းအဝေးမခေါ်ခင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအာဏာကို သိမ်းလိုက်တာဟာ အခြေခံဥပဒေကို ဆန့်ကျင်လိုက်တာဖြစ်ပြီး နိုင်ငံသားတွေရဲ့ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုလိုက်တာ လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။
ဒီလိုတောင်းဆိုရတဲ့ ရည်ရွယ်ချက်က ပါတီတစ်ခုတည်းရဲ့ အဖွဲ့အစည်းအတွက် မဟုတ်ဘဲနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်ကို ဦးတည်တောင်းဆိုတာဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လည်းဖြစ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
“NLD ဟာ ပါတီတစ်ခုတည်းရဲ့ အကျိုးစီးပွားအတွက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးနဲ့ ဒီမိုကရေစီယဉ်ကျေးမှုအရ ဒီလိုတော့မဖြစ်သင့်ဘူးဆိုပြီး ဒီကနေ့ တောင်းဆိုတဲ့စာထဲမှာ ထည့်ပြီး တောင်းဆိုတားတာလေ။ ဒီလိုတောင်းဆိုရတဲ့ ရည်ရွယ်ချက်က ပါတီတစ်ခုတည်းရဲ့ အဖွဲ့အစည်းအတွက် မဟုတ်ဘဲနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက်ကို ဦးတည်တာပဲ။"
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တတိယအကြိမ် လွှတ်တော်ခေါ်ယူနိုင်ဖို့နဲ့ နိုင်ငံတည်ငြိမ်ရေးနဲ့ ပြည်သူတွေ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ဖို့၊ ဒီမိုကရေစီယဉ်ကျေးမှုထွန်းကားဖို့ အလေးနက်တောင်းဆိုတယ်လို့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး တစ်နှစ်တိတိ နိုင်ငံတော်အာဏာကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်လိုက်တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းဌာနက မနက် ၈ နာရီသတင်းမှာ ကြေညာလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအရပ်ရပ်အပ်နှင်းတယ်ဆိုပြီး ထုတ်ပြန်ချက်ကို တပ်မတော်က ရွေးကောက်တင်မြှောက်ထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယာယီသမ္မအနေနဲ့ တာဝန်ယူပြီး လက်မှတ်ရေး ထိုး ထုတ်ပြန်ခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပေးဖို့ဆိုတာ တစ်နိုင်ငံလုံးက ပြည်သူတွေရဲ့ လိုလားချက် ဖြစ်ပြီး တပ်မတော်ရဲ့လုပ်ဆောင်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်တာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဦးအောင်မျိုးကျော်က ပြောပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေ ၇၁ မှာ နိုင်ငံတော်သမ္မတကို ထုတ်ပယ်ခွင့် ဖြုတ်ချခွင့်ရှိတာဟာ ပြည်ထောင်စု လွှတ်တော်မှာပဲရှိတယ်။ ပြည်ထောင်စုလွှတ်တော်က သမ္မတကို အယုံအကြည်မရှိ၊ သမ္မတက သူ့ကျန်းမာ ရေးကြောင့် အနားယူတာပဲဖြစ်ပါစေ၊ ပြည်ထောင်စုလွှတ်တော်ကနေပြီး အယုံအကြည်မရှိကြောင်း ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် လေးပုံ တစ်ပုံကနေပြီးတော့ အယုံအကြည်မရှိ အဆိုတင်သွင်းတာပဲ ဖြစ်ဖြစ် မဲခွဲဆုံးဖြတ်ပြီးတော့မှ သမ္မတကို ဖြုတ်ချခွင့်ရှိတယ်။ အခုဟာက အဲလိုမဟုတ်ဘဲနဲ့ ဒုသမ္မက ယာယီသမ္မတဆိုပြီး တက်လုပ်တာက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးလုပ်တာဖြစ်တယ်။"
အငြင်းပွားမှုဖြစ်နေတဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲမဲရလဒ်တွေကို တပ်မတော်က ဆက်တိုက်ကန့်ကွက်ခဲ့ပြီး ဒီပြဿနာကို ဖြေရှင်းပြီးမှ တတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပဖို့ တောင်းဆိုခဲ့တာပါ။
ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်အတိုင်းပဲ တုံ့ပြန်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ လွှတ်တော်ခေါ်ယူကျင်းပဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် လွှတ်တော်မကျင်းပခင် ဇန်နဝါရီ ၃၁ ရက်နေ့ညမှာပဲ တပ်မတော်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
အဲဒီလို အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ဒီမနက်မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့အကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ အာဏာသိမ်းခဲ့တာဖြစ်တဲ့အကြောင်းကို ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။
ဒီအရေးပေါ်ကာလပြီးဆုံးတဲ့အခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမှာဖြစ်ပြီး၊ အနိုင်ရ နိုင်ငံရေးပါတီကို အာဏာပြန်လွှဲပေးမယ့်အကြောင်း ပြောဆိုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ် ပြန်ထားပါတယ်။
အခုလို တပ်က အာဏာသိမ်းမှုဟာ ဒီမိုကရေစီကို ဆက်ထိန်းသိမ်းဖို့၊ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်သူတွေရဲ့ ဆန္ဒတွေကို အကောင်ထည်ဖော်ဖို့ မဟုတ်ဘဲ လူတစ်စုရဲ့ ကိုယ်ကျိုးစီးပွားအပေါ်မှာ အခြေခံတဲ့ အာဏာသိမ်းမှုဖြစ်တယ်လို့ မကွေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်တာဝန်ခံဟောင်း ဖြစ်တဲ့ ဦးနေမျိုးကျော်က ပြောပါတယ်။
“အာဏာသိမ်းလိုက်တဲ့ အာဏာသိမ်းမှုဟာ ဒီမိုကရေစီကိုကာကွယ်စောင့်ရှောက်ဖို့ အာဏာသိမ်းတယ်လို့ လုံးဝမယုံဘူး။ ပြည်သူလူထုကို ငြိမ်းချမ်းစေဖို့ အာဏာသိမ်းတယ်လို့ လုံးဝမယုံဘူး။ ဒါဟာ ဗိုလ်ချုပ် မင်းအောင်လှိုင် နဲ့ အနည်းစုလူတစ်စုက မိမိရဲ့အကျိုးစီးပွားအတွက် တိုင်းပြည်ရဲ့အနာဂတ်ကို အရှေ့ကို သွားနေတာကို အနောက်ကို ပြန်လှည့်အောင် ချိုးပစ်လိုက်တဲ့ အချိုးအကွေ့ တစ်ခုဖြစ်တဲ့အတွက် မကွေးပြည်သူတစ်ဦးအနေနဲ့ လုံးဝအာဏာသိမ်းမှုကို ရှုတ်ချတယ်။ ပြည်သူ့ဆန္ဒပြည်သူ့လက်ထဲ ပြန်ရောက်ဖို့ ခေါင်းဆောင်နဲ့အတူရှိနေတယ်။”
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော်ဟာ အာဏာသိမ်းတာမျိုုးမဟုတ်ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အရေးပေါ် အခြေအနေကို ကြေညာပြီး အာဏာကို လွှဲပြောင်းယူလိုက်တာဖြစ်တာကြောင့် သူကြေညာထားတဲ့အတိုင်း ဆက်သွားမယ့်အနေအထား ရှိတယ်လို့ ပြောပါတယ်။
“သေချာတာက တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာပြီးတော့ တစ်နှစ်အာဏာကို လွှဲယူပြီးသား ဖြစ်နေတဲ့အတွက်ကြောင့် သူ့ရဲ့သွားမယ့်လမ်းကြောင်းကို သွားမယ်ပဲထင်ပါတယ်။ အခုသိရသလောက် တော့ တိုင်းဝန်ကြီးချုပ်တွေ ခေါ်တာရှိတယ်။ လိုအပ်တာတွေ စစ်ဆေးမေးမြန်းတယ်။ ဆွေးနွေးစရာရှိတာ ဆွေးနွေးပြီး ပြန်လွှတ်တဲ့သူတွေရှိတယ်။ သူတို့အနေနဲ့ ဒီကိစ္စမှာ ရှင်းဖို့လိုအပ်မယ့်သူတွေကိုပဲ ခဏ ထိန်းသိမ်းထားတာရှိတယ်။ ကျန်တဲ့သူတွေကိုတော့ သူ့နေရာမှာသူ ပြန်လွှတ်ပေးမှာဖြစ်တယ်။ အဲတော့ သေချာတယ်။ NLD ဘက်ကစာထုတ်ထားတာဟာ သူတို့ဘာသာ နိုင်ငံရေးအရထုတ်တယ်လို့ သတ်မှတ်ပြီး လောလောဆယ်ဖြစ်နေတဲ့ အကျပ်အတည်းပေါ်မှာတော့ ဖြေရှင်းနိုင်မှု အနေအထား တစ်စုံတစ်ရာတော့ မတွေ့ဘူး။ တပ်ကတော့ သူကြေညာထားတဲ့အတိုင်း ဆက်သွားမယ့်အနေအထားလို့ သုံးသပ်တယ်။"
စစ်တပ်က အာဏာသိမ်းပြီးနောက် ထိန်းသိမ်းခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တိုင်းနဲ့ ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ပြန်လွှတ်ပေးမယ့် သတင်းတွေလည်း ထွက်နေပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရကနေ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအစိုးရကို အာဏာလွှဲပေးပြီး ၁ဝ နှစ်အကြာမှာ တပ်မတော်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။