တနင်္သာရီမှာ NLD တိုင်းလုံးကျွတ် အနိုင်ရ
2020.11.12
တနင်္သာရီတိုင်း တစ်တိုင်းလုံးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)က ကိုယ်စားလှယ်တွေသာ အနိုင်ရရှိသွားတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ ကော့သောင်း၊ ဘုတ်ပြင်း၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနဲ့ မြိတ်မြို့နယ်တို့ ပါဝင်ပြီး နိုင်ငံရေးပါတီ ၁၂ ခုက ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အချို့က ရွေးကောက်ပွဲ ဝင်ပြိုင်ကြတာပါ။
တစ်တိုင်းလုံးက မဲဆန္ဒနယ်အားလုံးမှာ NLD ပါတီ၊ USDP ပါတီနဲ့ UBP ပါတီတို့က ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်နေ့ မဲပေးချိန်မှာတော့ တနင်္သာရီတိုင်းသေကြီးအတွင် ကြီးကြီးမားမား ပြဿနာမရှိခဲ့ပေမယ့် အယောင်ဆောင်မဲပေးခဲ့သူ ရှစ်ဦးလောက်ရှိခဲ့လို့ အမှုဖွင့် တိုင်ကြားထားပြီး အဲဒီထဲမှာ အသက်မပြည့်သေးတဲ့ ၁၇ အရွယ်နဲ့ ၁၃ နှစ်အရွယ် ကလေးနှစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ တနင်္သာရီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦးက RFA ကို ပြောထားပါတယ်။
ရေဖြူမြို့နယ်၊ ကန်ပေါက်က မဲရုံတစ်ခုမှာတော့ တိုင်းဒေသကြီး မဲလက်မှတ်ထုတ်ပေးတဲ့ ကောင်တာကနေ အမျိုးသားလွှတ်တော် မဲလက်မှတ် ၄၀ ကျော်လောက် မှားယွင်းထုတ်ပေးမိခဲ့တာရှိခဲ့တယ်လို့ သူက ဆိုပါတယ်။
မဲလက်မှတ် မှားယွင်းထုတ်ပေးမိတဲ့ ရေးဖြူမြို့နယ် မဲဆန္ဒနယ်ဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) မှာ NLD ပါတီက ဦးကျော်ဇေယျစိုးက ဆန္ဒမဲ ၅၀၁၇၂ မဲရရှိခဲ့ပြီး ဒုတိယ မဲအများဆုံးဖြစ်တဲ့ USDP ပါတီက ဦးမောင်စိန်က ဆန္ဒမဲ ၁၂၇၂၇ မဲရရှိခဲ့တာပါ။
တနင်္သာရီတိုင်းအတွင်း ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေအပါအဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်မြေ ၄၃ နေရာရှိပြီး မဲရုံပေါင်း ၁၂၀၅ ရုံရှိခဲ့ပါတယ်။
လူဦးရေ ၁၅ သိန်းကျော်နေထိုင်တဲ့ တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁ သိန်း ၉ သောင်း ကျော်ရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူတွေထဲက လူဦးရေ ၈၁၂၈၁ ဦးကတော့ ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မှာ မဲပေးခွင့်ရှိသူတွေဖြစ်ပါတယ်။
ခရိုင် သုံးခရိုင်၊ မြို့နယ် ၁၀ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလည်း NLD ပါတီကသာ တစ်တိုင်းလုံးမှာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)