သက်မွေးဝမ်းကျောင်း လုပ်ခွင့် ပြန်ရဖို့ NLD ကူညီမည်

နိုင်ငံရေး ယုံကြည်ချက်ကြောင့် အစိုးရက ဖမ်းဆီး ထောင်ချတာ ခံရပြီး ပြန်လည် လွတ်လာကြသူတွေအနေနဲ့ မိမိတို့ နဂိုမူလ သက်မွေးဝမ်းကျောင်းမှုကို ပြန်လုပ်ခွင့်ရအောင် NLD ပါတီက ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်သွားမယ်လို့ သတင်းရရှိ ပါတယ်။

2011.08.31
u-tin-oo-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ရွှေဂုံတိုင်ဌာနချုပ်ရုံးသို့ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရောက်ရှိလာစဉ်။
RFA

အဲဒီကိစ္စကို ရှေ့လာမယ့် အပတ်အတွင်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ NLD ပါတီ ဒုဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

"ကျနော်တို့ NLD က တရားရုံး ရှေ့နေတို့၊ ဆရာဝန်၊ ကျောင်းဆရာ ဆရာမတို့၊ အနုပညာရှင်တို့၊ စာရေးဆရာ သတင်းစာ ဆရာတို့၊ ဝန်ထမ်းတို့၊ သူတို့က နိုင်ငံရေးယုံကြည်မှုပေါ်မှာ မူတည်ပြီး ပြစ်ဒဏ်ကျခံရတယ်ဗျာ။ သူတို့ ပြန်လွတ်လာတော့ လိုင်စင်တွေ သိမ်းတယ် လုပ်ခွင့် မပေးဘူးဆိုတော့ သူတို့ကို ထပ်မံ ပြစ်ဒဏ်ပေးရာ ကျတာပေါ့ဗျာ။ ပြစ်ဒဏ်ကလည်း ခံပြီးပြီလေ။ သူတို့ သက်မွေးဝမ်းကျောင်းကတော့ သူတို့ ပြန်လုပ်စားရမှာပေါ့။ သူတို့ကို တရား ဥပဒေနဲ့အညီ ရခွင့် ရပိုင်ခွင့် ကုစားခံပိုင်ခွင့် ဒါကို ကျနော်တို့က လုပ်ချင်တာပါ။"

NLD ပါတီက အခု ကူညီသွားမယ့် အစီအစဉ်ဟာ NLD ပါတီဝင်တွေ သာမက အခြားသော နိုင်ငံရေး လှုပ်ရှားသူတွေ အတွက်လည်း ပါဝင်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

နိုင်ငံရေး ယုံကြည်ချက်ကြောင့် လှုပ်ရှားရင်း အစိုးရက လိုင်စင်ရုပ်သိမ်းခဲ့တဲ့ ရှေ့နေ အနည်းဆုံး (၂၅) ဦးရှိပြီး ဆရာဝန်တွေ အဆိုတော်တွေ သတင်းစာ ဆရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။