စီးပွားရေးပိတ်ဆို့မှုဆိုင်ရာ သဘောထား NLD တရားဝင်ထုတ်ပြန်

စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဖယ်ရှားသင့်မသင့်၊ ပြင်ဆင်သင့် မသင့်ကိစ္စ ဆွေးနွေးနိုင်ဖို့ အမေရိကန် အပါအဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၈ ရက် ဒီကနေ့ ဖိတ်ခေါ် လိုက်ပါတယ်။

2011.02.08
bush_signs_sanction_305_z.jpg စစ်အစိုးရအပေါ် တင်းကျပ် ပြင်းထန်သော စီးပွားရေး ပိတ်ဆို့ ပြစ်ဒဏ်ခတ်သည့် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့် ဒီမိုကရေစီ အက်ဥပဒေကို အမေရိကန် သမတ ဂျော့ချ် ဒဘလျူ ဘုရှ် (အလယ်) ၂၀ဝ၃ ခုနှစ် ဇူလိုင် ၂၈ ရက်က အတည်ပြု လက်မှတ်ရေးထိုး ပြဋ္ဌာန်းနေသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလို စာမျက်နှာ ၆ မျက်နှာပါ ကြေညာချက်မှာ အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးချွတ်ချုံ ကျမှုဟာ Sanctions ခေါ် ပြည်ပက ပိတ်ဆို့အရေးယူမှုကြောင့် ဆိုတာထက်၊ စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ မူဝါဒ မှားယွင်းမှု၊ အဂတိ လိုက်စားမှု၊ လူတစုက လက်ဝါးကြီးအုပ် ခြယ်လှယ် နေမှုတွေကြောင့် အဓိက ဖြစ်ရတယ်လို့လည်း အချက်အလက်တွေနဲ့တကွ ဖော်ပြထား ပါတယ်။

ဒီကြေညာချက်မှာ စီးပွားရေး ပိတ်ဆို့ အရေးယူမှု အပေါ် ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကိုလည်း အချက် ၈ ချက်နဲ့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အနောက်တိုင်း နိုင်ငံတွေရဲ့ ပိတ်ဆို့ အရေးယမှုဟာ မြန်မာနိုင်ငံက မည်သည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တဦးတယောက် တောင်းဆိုလို့ ချမှတ်ထားတာ မဟုတ်ပဲ၊ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စိးပွားရေးပိတ်ဆို့ အရေးယူမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ဒီမိုကရေစီ ဆိတ်သုဉ်းမှုတွေကြောင့် အရေးယူခဲ့တာဖြစ်လို့ ပိတ်ဆို့ရေးယူမှုတွေ ရုပ်သိမ်းဖို့အတွက် ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းရမှာ ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေကို အားလုံး လွှတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရေးသား ဖော်ပြထားပါတယ်။

ဒီကနေ့ သဘောထား ထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာ ၂ ဘာသာနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီ ကြေညာချက်ပါ အချက်အလက် တချို့ကို RFA မှ ဦးဇော်မိုးကျော်က ကောက်နုတ် တင်ပြထားပါတယ်။

ကောက်နုတ်တင်ပြချက်
အသံဖိုင်ယူရန်

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဦးစိန်ကျော်လှိုင်က သုံးသပ် တင်ပြထားပါတယ်။

သုံးသပ်တင်ပြချက်
အသံဖိုင်ယူရန်

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။