ကန့်ဘလူ သကြားစက်စီမံကိန်း သိမ်းဆည်းမြေယာအတွက် လျော်ကြေးထပ်ပေးဖို့မရှိ

သက်စုအောင်
2020.07.14

တပ်မတော်ပိုင် မြန်မာ့စီပွားရေးကော်ပိုရေးရှင်းရဲ့ ကန့်ဘလူသကြားစက် စီမံကိန်းအတွက်၊ သိမ်းဆည်းခဲ့တဲ့ မြေယာတွေနဲ့ပတ်သက်ပြီး၊ လျော်ကြေးထပ်ပေးဖို့မရှိကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တပ်မတော်ပိုင် မြန်မာ့စီပွားရေးကော်ပိုရေးရှင်း ကန့်ဘလူ သကြားစက် စီမံကိန်းအတွက်၊ တောင်သူတွေဆီကနေ သိမ်းဆည်းခဲ့တဲ့ မြေယာတွေနဲ့ပတ်သက်ပြီး မြေယာလျော်ကြေး ထပ်ပေးဖို့မရှိကြောင်းနဲ့ စီမံကိန်းပိုလျှံမြေလည်းမရှိတဲ့အတွက် မြေယာတွေကို ပြန်စွန့်လွှတ်ဖို့ မရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က နေပြည်တော်မှာကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဒီနေ့အစည်းအဝေးအတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃)က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းအောင်ရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားစဉ်၊ ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သိမ်းဆည်းစဉ်က ထိုက်သင့်တဲ့လျော်ကြေး မရခဲ့တဲ့ တောင်သူတွေကို၊ သိမ်းဆည်းကာလ ပေါက်ဈေးနဲ့အညီ မြေယာလျော်ကြေး ပြန်လည်တွက်ချက်ပေးနိုင်ဖို့နဲ့၊ စီမံကိန်းကာလအတွင်းမှာ ပြီးစီးအောင် အကောင်အထည် မဖော်နိုင်တဲ့ ပိုလျှံမြေ ဧက ၁၀၀ ကို၊ တောင်သူတွေကို ပြန်လည်ခွဲဝေပေးဖို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က ပထမဦးစွာ ကြယ်ပွင့်ပြ မေးခွန်းမေးခဲ့တာပါ။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ထန်းတစ်ပင်ကျေးရွာ၊ ချောင်းကန်ကျေးရွာ၊ သလဲဦးကျေးရွာ၊ ပျဉ်းတော်ကျေးရွာတွေက တောင်သူ ၁၈၃ ဦး ရဲ့ လယ်ယာမြေတွေကို ၁၉၉၉ ခုနှစ် မှာ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းက သကြားစက် တည်ဆောက်ဖို့အတွက် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်ကတော့၊ စီမံကိန်းအတွက် မြေစတင်သိမ်းဆည်းစဉ် ကတည်းက၊ မူလတောင်သူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ လယ်ယာမြေလျော်ကြေးတွေ ပေးအပ်ခဲ့ကြောင်းနဲ့၊ စီမံကိန်းကနေ ပိုလျှံမြေလည်း မရှိတဲ့အတွက် မြေပြန်လည် စွန့်လွှတ်ပေးဖို့ မရှိဘူးလို့ပြောပါတယ်။

ဒုဝန်ကြီးရဲ့ ဖြေရှင်းချက်အပြီးမှာ၊ မေးခွန်းရှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်က၊ တပ်မတော် သိမ်းဆည်းစဉ်က တောင်သူတွေအနေနဲ့၊ မြေယာလျော်ကြေးကို ကာလပေါက်ဈေးနဲ့အညီ မရခဲ့ဘူးလို့ဆိုပါတယ်။ ဒီအတွက် တောင်သူတွေဟာ၊ ဒီနေ့ထိ စားဝတ်နေရေး ခက်ခဲနေကြောင်းနဲ့ ဒီပြဿနာကို ကုစားပေးဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်ပေးနိုင်မလဲဆိုပြီး ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်ကို ထပ်ဆင့်မေးခွန်းထုတ်ခဲ့ပါတယ်။

ဒီထပ်ဆင့်မေးခွန်းအပေါ်မှာလည်း ဒုဝန်ကြီးက “နိုင်ငံတော်ကသိမ်းဆည်းခဲ့တဲ့ မြေယာတွေနဲ့ပတ်သက်ပြီး၊ လျော်ကြေးထပ်မံတောင်းဆိုတဲ့ ကိစ္စတွေအတွက်၊ အဲဒီကာလနှုန်းထားနဲ့ လျော်ကြေးပေးချေပြီးဖြစ်လို့၊ အဲဒီကာလ အဆုံးအဖြတ်အတိုင်းသာ အတည်ပြုရန်ဆိုပြီး သတ်မှတ်ထားကြောင်း၊ ဒီအတွက် ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လျော်ကြေးငွေ ထပ်ပေးဖို့မရှိကြောင်း ပြန်လည် ဖြေကြားပါတယ်။

ဒီသကြားစက်စီမံကိန်းအတွက် သိမ်းဆည်းခံ လယ်ယာမြေအရေးနဲ့ပတ်သက်ပြီး၊ မြေစစ်ကော်မတီမှာ ပါဝင် ဆောင်ရွက်နေတဲ့၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဒေါက်တာ ကျော်သူဟန်ထွန်းကတော့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီအဖြေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က၊ နေပြည်တော်မှာကျင်းပတဲ့ ကာကွယ်ရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာတော့၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်စိုးက “တပ်မတော်အနေနဲ့ မြေသိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး လွှဲလို့ရတဲ့မြေ၊ ပြန်လည်စွန့်လွှတ်လို့ရတဲ့ မြေတွေကို၊ စွန့်လွှတ်လေ့ ရှိကြောင်းနဲ့၊ စွန့်လွှတ်လို့ မရတဲ့မြေတွေကိုတော့ ပြန်ပေးဖို့မရှိကြောင်း” သတင်းထောက်တွေကို ဖြေကြားခဲ့ဖူးပါတယ်။

လက်ရှိ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း၊ တပ်မတော်ကနေ ပြန်လည်စွန့်လွှတ်ပေးတဲ့ မြေဧက စုစုပေါင်း နှစ်သိန်းရှစ်သောင်းကျော် ရှိကြောင်းလည်း၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်စိုးက ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။