အမေရိကန် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းဖို့ အစီအစဉ် မရှိသေး
2011.01.22
မြန်မာစစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့အရေးမှုနဲ့ ပတ်သက်ပြီး ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှု ရှိမရှိဆိုတာတွေကို သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပုံမှန်ဆွေးနွေးနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဖိးလစ် ခရောင်လီ ( Philip Crowley) က သတင်းထောက်တွေကို ပြော ပါတယ်။
အခု ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေးကို ဟန့်တား နေတဲ့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိသူတွေကို အဓိက ပစ်မှတ်ထားတာပါလို့ မစ္စတာ ခရောင်လီက ပြောသွားတာပါ။
ဒ့ါပြင် မြန်မာပြည်သူတွေရဲ့အရေးကို အမေရိကန်အစိုးရဟာ မမေ့ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး အကြပ်အတည်းနဲ့ ဒုက္ခတွေအတွက် စစ်အစိုးရသာလျှင် အဓိက တာဝန်ရှိကြောင်း၊ အာဏာပိုင်တွေအကြားမှာ အဂတိလိုက်စားမှုတွေ စနစ်တကျ ကျယ်ကျုယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး တိုင်းပြည်ရဲ့ သဘာဝ သယံဇာတ အရင်း အမြစ်တွေကိုလည်း ကိုယ်ပိုင်ပစ္စည်းလို သိမ်းပိုက်ရောင်းချနေကြောင်း မစ္စတာ ခရောင်လီက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွှတ်ပေးပြီး အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်လာရေးအတွက် စစ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ ဒီပိတ်ဆို့မှုတွေကို ဆက်ပြီးထားရှိမှာ ဖြစ်တယ် လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသွားပါတယ်။