ရန်ကုန်တိုင်း မဲပေးပိုင်ခွင့်စာရင်း မှာ မှတ်ပုံတင်မရှိသူများ ထည့်ပေး ထား


2015.04.12
voters-list-305.jpg ၂ဝဝ၈ ခုနှစ် မေလ ၂၄ ရက်နေ့က ရပ်ကွက်ရုံးမှာ မဲပေးခွင့်ရှိသူစာရင်း လာကြည့်သူတချို့ကို တွေ့ရစဉ်
(Photo: AFP)

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ် ၁၀ မြို့နယ်က မဲပေးနိုင်သူ စာရင်းတွေကို ကြေညာခဲ့ရာမှာ မှတ်ပုံတင်မရှိသူတွေကိုလည်း တွေ့ရှိခဲ့ရပေမဲ့ မဲပေးပိုင်ခွင့်စာရင်းမှာ ထည့်သွင်းပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။

ပြီးခဲ့တဲ့မတ်လ ၃၀ရက်နေ့ကနေ ဒီနေ့ အထိ မြို့နယ် ၁၀ မြို့နယ်က မဲပေးခွင့် ရှိသူစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်ရုံးတွေမှာ အမည်စာရင်းတွေ ကပ်ပြီး ကြေညာခဲ့တဲ့အထဲမှာ ၁၈နှစ်ပြည့်ပြီးသူတွေကို ထည့်သွင်းခဲ့ပေမယ့် မှတ်ပုံတင် မရှိသေးသူတွေလည်း ပါနေကြာင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးကိုကိုက ပြောပါတယ်။

"မဲစာရင်းမှာ တချို့မှတ်ပုံတင်နံပါတ် မပါတာတွေအများကြီးပဲ၊ အဲ့ဒါကျတော့ သူနိုင်ငံသားဟုတ်မဟုတ် ဆိုတာကတော့ ရပ်ကွက်ထဲမှာမေးမြန်း လိုက်ရင် နိုင်ငံသားဟုတ်မဟုတ်ဆိုတာတော့ပေါ်ပါတယ်၊ မှတ်ပုံတင်ကဘာဖြစ်လို့မရတာ၊ ဘယ်လိုပျောက် သွားတာ၊ ပြန်လျှောက်လို့မရတာ၊ ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတာ သိနေတယ်လေ၊ ၁၈ နှစ်ပြည်တဲ့သူတွေကိုမဲစာရင်းထဲထည့်ထားပါတယ်၊ မှတ်ပုံတင်ရှိ၊ မရှိနေရာမှာ ကွက်လပ်ကြီးဖြစ်နေပါတယ်၊ တကယ်တန်း ၁၈ နှစ်ပြည့်တယ်သူမှာ ဒီကဒ်တွေ အားလုံးရှိရင် ဒီပြဿနာမပေါ်ဘူး၊ လဝက ကလုပ်ရမယ့်အလုပ်တွေကို မလုပ်ခဲ့တဲ့ အတွက် မဲစာရင်းပြုစုတဲ့အခါ မှာ ကော်မရှင်မှာလာပြီး တိုင်ပတ်နေတယ်"

အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ပေမယ့် မှတ်ပုံတင်မရှိသေးသူတွေကို နိုင်ငံသားဖြစ်ကြောင်း ရပ်ကွက်တွင်း နေထိုင်သူတွေ၊ ရပ်ကွက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည့်သူ့အင်အားဦးစီးဌာန တစ်ခုခုက ထောက်ခံပေးမယ် ဆိုရင် မဲပေးခွင့်ရှိသူစာရင်း မှာ ထည့်သွင်းပေးမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်က  ကြေညာလိုက်ပါတယ်။

ရန်ကုန်မြို့တွင်းက ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ ကမာရွတ် အစရှိတဲ့ မြို့နယ် ၁၀ မြို့နယ်က မဲပေးနိုင်သူ စာရင်းကို ရပ်ကွက်ကော်မရှင်ရုံးတွေမှာ မတ်လ ၃၀ ရက်နေ့ကနေစတင်ပြီး ဒီနေ့နောက်ဆုံးထား ကြေညာပေးခဲ့ပါတယ်။

မကြာခင်မှာလည်း ဒဂုံမြို့သစ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြောက်ဥက္ကလာ အစရှိတဲ့ မြို့နယ် ၁၄ မြို့နယ်မှာ မဲပေးနိုင်သူစာရင်းကို ကြေညာပေးသွား ဖို့ရှိပြီး ဂျူလိုင်လမတိုင်ခင်မှာ ကျန်ရှိတဲ့မြို့နယ် ၂၁ မြို့နယ်က မဲပေးနိုင်သူ စာရင်းတွေကို ဆက်လက်ကြေညာပေးသွားမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၄၅ မြို့နယ်မှာ အပိုင်းလိုက် အခြေခံမဲစာရင်းတွေကို ကြေညာ ပြီးနောက် ရွေးကောက်ပွဲမကျင်းပခင်မှာ အပြီးသတ်မဲစာရင်းကို မြို့နယ်အသီးသီးမှာ တပြိုင်နက် ကြေညာပေးသွား မှာ ဖြစ်ပါတယ်။

မဲပေးနိုင်ခွင့်ရှိသူစာရင်း ပြုစုရာမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေကို ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကိုကို ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။