ဖားကန့် မြို့နယ်မှ ရွှေ့ပြောင်း လုပ်သားများ မဲပေးခွင့်ဆုံးနိုင်


2015.09.06
yaymasay-620 ရေမဆေးကျောက် ရှာနေသူတစ်ဦးကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မြန်မာပြည်အနှံ့က လာရောက်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား တစ်သိန်းကျော်လောက်ဟာ လက်ရှိအခြေအနေအရ မဲပေးခွင့် ဆုံးရှုံးရနိုင်ကြောင်း ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်း ဆောင်ရွက်ပေးနေတဲ့ နိုင်ငံရေးပါတီတွေက ပြောကြပါတယ်။

ဖားကန့်မြို့နယ်မှာ ၂ဝ၁၄ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းအရ လူဦးရေ သုံးသိန်းကျော်ရှိတဲ့ အနက် အခြေခံ မဲစာရင်းမှာ လေးသောင်းနီးပါးသာ မဲပေးပိုင်ခွင့် ရှိနေတဲ့ အတွက် အသက် ၁၈ နှစ် ပြည့်ပြီးသူ တစ်သိန်းကျော်လောက်ဟာ မဲပေးခွင့်ဆုံးရှုံးရမယ့် အခြေအနေရောက်နေတယ်လို့ ဖားကန့် မြို့နယ် NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင့်စိုးက ပြောပါတယ်။

"ကျနော်တို့ဖားကန့်မြို့နယ်မှာ အခြေခံမဲစာရင်းအရ မဲပေးပိုင်ခွင့်ရှိတဲ့သူက စုစုပေါင်း ၃၉ဝဝဝ ကျော်ရှိတယ်၊ ပုံစံ ၆၆ ( ၆) မရှိဘဲနဲ့ မှတ်ပုံတင်ရှိပြီး အိမ်ထောင်စု မရှိတဲ့သူတွေ က ၂ သိန်း ၇ ထောင်ဆိုတော့ ပေါင်းတော့ ၃ သိန်းကျော်ပါ၊ အလုပ်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်တွေ၊ အထူးသဖြင့်တော့ ၁၈ နှစ်အထက်ပေါ့ဗျာ၊ အဲ့လိုအရွယ်တွေက အများဆုံးလာရောက်ပြီးစီးပွားရှာကြတဲ့အရွယ်တွေ ဖြစ်တဲ့အခါကျတော့ တစ်ကယ်တမ်း ၁၈ နှစ်အထက်ကိုတွက်မယ်ဆိုရင် ၁ သိန်းခွဲ ရဲ့အထက်မှာရှိနေတယ်၊ ၁ သောင်းကျော် လောက်တော့ ပုံစံ ၃ (က)နဲ့ တင်ပေးနိုင်ခဲ့ပါပြီ"

အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးနိုင်ခွင့်ရှိသူတွေထဲက ရွှေ့ပြောင်းလုပ်သား လူဦးရေ တစ်သောင်းလောက် မဲပေးခွင့် ရနိုင်ရေးအတွက် ပုံစံ ၃ (က) နဲ့ လျှောက်လွှာ တင်ပေးထားတယ်လို့ ဖားကန့်မြို့နယ် NLD ပါတီက ပြောပါတယ်။

လောလောဆယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မဲပေးနိုင်ခွင့်ရရှိရေးနဲ့ ရွေးကောက်ပွဲ အသိပညာပေးလုပ် ငန်းတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတဲ့ နိုင်ငံရေးပါတီတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် လူမှုအဖွဲ့အစည်းတချို့က ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲတုန်းက ဖားကန့်မြို့နယ်အတွင်းမှာ မဲပေးနိုင်ခွင့်ရှိသူ စုစုပေါင်း ၉ သောင်းကျော်ရှိပြီး ဒီတစ်ကြိမ်ရွေးကောက်ပွဲ မှာတော့ လေးသောင်းနီးပါးပဲရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။