ရှမ်းမြောက်မှာ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀ ကျော် သီပေါမြို့ကို တိမ်းရှောင်

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ရှမ်းပြည်ပြန်ထူထောင်ရေး ကောင်စီ (RCSS) တို့ကြား တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၇ ရက် မနေ့ကစပြီး သီပေါမြို့ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀ ကျော်ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မနေ့က လူ ၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်လာခဲ့သလို ဒီနေ့မှာလည်း နောက်ထပ် လူ ၂၀၀ ကျော် ထပ်မံ ထွက်ပြေးလာကြတာလို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီနေတဲ့ လုံခြုံရေးအရ အမည် မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
"ဒီနေ့တော့ စစ်ရှောင်က ၃၂၂ ဦး ရှိတယ်ရှင့်။ ရွာကကျတော့ ငါးရွာရှိတယ်ရှင့်။ ဒီနေ့မှာ နှစ်ရွာ ထပ်တိုးလာတာရှင့်"
ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ ချောင်းဆုံ၊ ဟာလျံ၊ ဆွန်လုံရွာ၊ မိုးတေနဲ့ ကွန်စံလိတ်ရွာတို့တွေက ဖြစ်ပြီး အခုလတ်တလောမှာ သီပေါမြို့ပေါ်က ဘိုးတော် ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေရာ ချပေး ထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၇ ရက် မနေ့ကတော့ ချောင်းဆုံ၊ ဟာလျံနဲ့ ဆွန်လုံစတဲ့ ကျေးရွာတွေအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြရတာပါ။
ဒီနေ့ နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီဝန်းကျင်မှာလည်း အဲဒီကျေးရွာတွေဘက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်နဲ့ ၅ ရက်နေ့တွေက တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ကြရပါတယ်။