ငလျင်မြေပုံ ရေးဆွဲရေး နော်ဝေးကူညီမည်
2011.03.31

ဒီလုပ်ငန်းကို နော်ဝေးနိုင်ငံက အကူအညီပေးမှာ ဖြစ်ပါတယ်။ ADPC အဖွဲ့ဟာ မြန်မာနိုင်ငံ ငလျင် ကော်မတီ MEC နဲ့ ပူးပေါင်း စီစဉ် ဆောင်ရွက်မှာပါ။ ငလျင် ကော်မတီဝင် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဋ္ဌ ဒေါက်တာ ဝင်းဆွေက အခုလို ပြောပါတယ်။
“အမှန်တော့ ADPC နဲ့ တွဲလုပ်တာ။ အဲဒါကနေ နောက်တဆင့် တက်မှာပေါ့။ ADPC ကနေ ခေါ်လာပြီးတော့ ကျွန်တော်တို့ မြန်မာ earth quake ကော်မတီနဲ့ အဲဒီမှာ သင်တန်းပေးတယ်။ အဲဒီ mapping ပေါ့လေ။ သင်တန်း နည်းနည်း ပို့ချသွားတာပေါ့။ Introduction နောက်ကျတော့ သူတို့ ဆက်လုပ်မယ်ဆိုတဲ့ သဘောပါပဲ။”
ADPC က မြန်မာပညာရှင်တွေကို သင်တန်း ပို့ချပြီးတဲ့နောက် ငလျင်မြေပုံအတွက် ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်၊
မြန်မာနိုင်ငံမှာ ငလျင်နဲ့ ပတ်သက်ပြီး ရေးဆွဲထားတဲ့ အခြေပြမြေပုံ မရှိသေးတာကြောင့် ငလျင် အလှုပ်များတဲ့ ဒေသတွေကို သွားရောက်ပြီး ငလျင်ဆိုင်ရာ ဘူမိရူပ မြေပုံတွေ ထုတ်ယူဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ငလျင်မြေပုံ ရေးဆွဲနိုင်ပြီဆိုရင် ငလျင်နဲ့ ပတ်သက်ပြီး ကြိုတင် ဆောင်ရွက်သင့်တဲ့ စီမံချက်တွေ ရေးဆွဲ၊ ငလျင်ဒဏ်ခံ အဆောက်အဦတွေ ဆောက်လုပ်ရေးအတွက် ကြိုတင် တွက်ချက်မှုတွေ ရေးဆွဲ ဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။