ပြည်ပက ပြန်လာသူတွေကို ခွဲခြားမဆက်ဆံဖို့ တိုက်တွန်း

ကံသာ
2020.04.04

ကိုရိုနာဗိုင်းရပ်စ် ရောဂါထိန်းချုပ်ရေးအတွက် ဒေသအသီးသီးကနေ ကိုယ့်မြို့ရွာတွေကို ပြန်လာတဲ့သူတွေဟာ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံခံရမှာ၊ စားဝတ်နေရေး ခက်ခဲမှာကို စိုးရိမ်တဲ့အတွက် သူတို့ရဲ့ ခရီးသွားရာဇဝင်နဲ့ ပတ်သက်ပြီး အမှန်အတိုင်း ထုတ်ပြောဖို့ ဝန်လေးနေကြပါတယ်။

အစိုးရတာဝန်ရှိသူတွေကတော့ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ နေအိမ်အတွင်း ၁၄ ရက် စောင့်ကြည့်ခံအဖြစ် နေထိုင်ရသူတွေ စားဝတ်နေရေးခက်ခဲရင် ကူညီပေးမယ်လို့ပြောပါတယ်။

ဒေသအသီးသီးကနေ ပြန်လာတဲ့သူတွေဟာ နေအိမ်အတွင်းကျန်းမာရေး စောင့်ကြည့်မှုကို ၁၄ ရက်တာ ခံယူရမှာပါ။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက နေရပ်ပြန်လာသူတွေရဲ့ ခရီးစဉ်တွေကို မေးမြန်းပြီး နေအိမ်မှာ ဆယ့်လေးရက် ကျန်းမာရေးစောင့်ကြည့် စစ်ဆေးတာခံယူဖို့ တိုက်တွန်းပညာပေးနေပါတယ်။

ကိုယ်တိုင် ကွင်းဆင်းပြီး ပညာပေးနေတဲ့ ကျန်မာရေးဆရာမ ခင်ငြိမ်းချမ်းက ပြည်ပက ပြန်လာသူတွေဟာ နားလည်မှုလွဲပြီး ခွဲခြားဆက်ဆံတာနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

RFA က ကျန်းမာရေးဝန်ထမ်းအချို့နဲ့ နေအိမ်တွေအသီးသီးမှာ ကျန်းမာရေး စောင့်ကြည့်ခံရတဲ့ အိမ်တွေကို လိုက်လံကြည့်ရှုရာမှာတော့ အများစုက ခရီးသွားရာကနေ ပြန်လာတယ်ဆိုတာမျိုးကို မပြောလိုကြပါဘူး။

အပြင်မထွက်ရဘူးဆိုတဲ့ ဒေသန္တရအမိန့်ကြောင့် သောက်သုံးရေနဲ့ စားစရာအခက်အခဲဖြစ်လာပြီး ဗိုင်းရပ်စ်ပိုးရှိတဲ့အိမ်ဆိုတဲ့ အမြင်တွေရှိတာကြောင့် ပတ်ဝန်းကျင်က အကူအညီ မပေးရဲကြတာတာကို တွေ့ရပါတယ်။

တချို့ကတော့ ရပ်ကွက်ကျေးရွာတွေကနေ လက်မခံ၊ ဝင်ခွင့်မပြုတာကြောင့် အိမ်မပြန်နိုင်ဘဲ ဟိုတယ်တည်းခိုခန်းတွေ၊  မိတ်ဆွေတွေရဲ့ အိမ်တွေမှာ လှည့်လည်တည်းခိုနေကြရပါတယ်။

ဒါတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတာလို့ သီပေါမြို့နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ တရုတ်၊ ထိုင်း၊ မလေးရှားနဲ့ တခြားနိုင်ငံ အသီးသီးကနေ ပြန်လာကြသူတွေအတွက် ခရိုင်ခြောက်ခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှစ်ခုတို့မှာ ကျန်းမာရေးစောင့်ကြည့်ဖို့ နေရာ ၆၁၇ ခု သတ်မှတ်ထားပါတယ်။

ဧပြီလ ၁ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း ဒေသတစ်ခုလုံးမှာ နေရပ်ပြန် ကျန်းမာရေး စောင့်ကြည့်ခံရသူ ၁၃၀၀ ကျော် ရှိပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် သေသေချာချာ စီစဉ်ထားပြီးပြီ လို့ ဒုတိယ ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ထိုင်းနိုင်ငံကနေပြန်လာတဲ့ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ကျန်းမာရေးဌာနက မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး နောက်တစ်နေ့မှာ လားရှိုးဆေးရုံကို ကုသမှု ပေးခဲ့ပါတယ်။

နယ်စပ်ဂိတ်တွေကနေပြန်လာလို့ နေအိမ်တွေမှာ၊ အစိုးရက စီစဉ်ပေးတဲ့ နေရာတွေမှာ ကျန်းမာရေး စောင့်ကြည့်မှု ခံယူနေရသူတွေကို ခွဲခြားဆက်ဆံတာ မလုပ်ဖို့၊ နေအိမ်တွေမှာ နေထိုင်သူတွေအနေနဲ့ လူထူထပ်တဲ့နေရာတွေကို ရှောင်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေ တပ်ဖို့၊ လက်ပုံမှန် ဆေးဖို့ စတဲ့ အချက်တွေကို လိုက်နာပေးဖို့ ကျန်မာရေးဌာန တာဝန်ရှိသူတွေက ပညာပေးနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။