နွေဦးဘဏ်မကြာခင် စတင်မယ်လို့ NUG ပြော

RFA Burmese
2023.06.22
နွေဦးဘဏ်မကြာခင် စတင်မယ်လို့ NUG ပြော ထိုင်းဘတ်ငွေနှင့် မြန်မာကျပ်ငွေ ရောင်းဝယ်နေကြသည်အား မြဝတီမြို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က တွေ့ရစဉ်။
AFP

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက တည်ထောင်လိုက်တဲ့ Spring Development Bank (SDB) နွေဦးဘဏ်အကြောင်း ပြည်သူလူထုကို လာမယ့် ဇူလိုင်လ ဒုတိယပတ်မတိုင်ခင် စတင်မိတ်ဆက်မယ်လို့ NUG ကပြောပါတယ်။

နွေဦးဘဏ်တည်ထောင်တာဟာ တော်လှန်ရေးအတွက်လိုအပ်တဲ့ အထောက်အပံ့လည်းရနိုင်မယ်လို့ NUG ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွန်းနိုင်က RFA ကိုပြောပါတယ်။

“Spring Development Bank နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုအနေနဲ့က တော်လှန်ရေးအောင်မယ်လို့ ယုံကြည်တဲ့ ပြည်သူလူထုတွေက ယုံယုံကြည်ကြည်နဲ့သာ ပူးပေါင်းပါဝင်ပေးပါ ပူးပေါင်းပါဝင်ပေးတဲ့ အတွက်ကြောင့်လည်း ကျွန်တော်တို့တွေ စိတ်မပျက်စေရဘူး Spring Development Bank အောင်မြင်တာနဲ့ အမျှ ကျွန်တော်တို့ ရန်သူရဲ့ ဘဏ်စနစ်ကိုလည်း ရိုက်ချိုးပြီးတော့ ချီတက်နိုင်မယ် တစ်လက် စတည်းမှာလည်း တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေကိုလည်း ဒီဘဏ်ကနေပြီးတော့ အတိုင်းအတာ တစ်ခုအထိ ကျွန်တော်တို့တွေ မျှဝေသုံးစွဲနိုင်မယ်”

ပထမအဆင့်အနေနဲ့ အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာ၊ မြန်မာကျပ်ငွေနဲ့ ထိုင်းဘတ်ငွေ လေးမျိုးကို ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲနိုင်တဲ့ ဝန်ဆောင်မှုပေးမယ်လို့ ပြောပါတယ်။

နွေဦးဘဏ်ကို ပြည်သူတွေအသုံးပြုပြီး အောင်မြင်လာတာနဲ့အမျှ စစ်ကောင်စီရဲ့ဘဏ်စနစ်ကို ရိုက်ချိုးပြီးသား ဖြစ်သွားမယ်လို့လည်း ပြောပါတယ်။

Digital Bank အမျိုးအစား၊ Online ဝန်ဆောင်မှုစနစ်ဖြစ်ပြီး ဖုန်းအက်ပလီကေးရှင်းကနေတစ်ဆင့် ဘဏ်လုပ်ငန်းဆောင်ရွက်မယ်လို့ NUG ဝန်ကြီးက ပြောပါတယ်။

ဒုတိယအဆင့်အဖြစ် SDB နွေဦးဘဏ် Visa နဲ့ Master ကတ်သုံးနိုင်အောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG ဟာ ၂၀၂၂ ခုနှစ် ဇွန်လကစပြီး NUG Pay အွန်လိုင်း ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို တည်ထောင်ခဲ့ပါတယ်။

ဒီ NUG ငွေကြေးဝန်ဆောင်လုပ်ငန်းကို အသုံးပြုသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က RFA ကို မနှစ်က ဇွန်လမှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီကတော့ တော်လှန်ရေးအဖွဲ့တွေထံ ငွေကြေးတွေမရောက်အောင် KBZ pay၊ Wave Pay၊ AYA Pay၊ CB Pay အကောင့်တွေကို စောင့်ကြည့်နေပါတယ်။

RFA က လေ့လာစုဆောင်းထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့မေလထဲမှာတင် မိုဘိုင်းဘဏ်စာရင်း ၇၂၁ ခုကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီက ဘဏ်စာရင်းတွေပိတ်နေတဲ့ တစ်ချိန်တည်းမှာ NUG က ငွေကြေးလုပ်ငန်းတွေ တိုးချဲ့လုပ်လာတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေကတော့ နိုင်ငံတကာရဲ့ အရေးယူမှုတွေနဲ့ ထပ်တိုးရင်ဆိုင်လာရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပိတ်ဆို့ အရေးယူလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။