NUG အစိုးရအဖွဲ့ဝင်တွေ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးနဲ့ တွေ့ဆုံ

2021.10.26
NUG အစိုးရအဖွဲ့ဝင်တွေ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးနဲ့ တွေ့ဆုံ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ NUG ယာယီသမ္မတ ဒူးဝါးလရှီလ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ ၂၀၂၁ အောက်တိုဘာ ၂၅ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံစဥ်
PHoto: NUG

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ဟာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူးဝါး လရှီလနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့နဲ့ မနေ့က အွန်လိုင်းကနေ တွေ့ဆုံခဲ့ရာမှာ၊ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ဆက်လက်ထောက်ခံကြောင်း ပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်အောင် ကြိုးပမ်းအားထုတ်မှုတွေ အကြောင်း ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မစ္စတာ ဆော်လဗန်က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်နေတဲ့ ပြင်းထန်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး၊ အာဏာသိမ်းမှုအတွက် တာဝန်ယူမှုရှိအောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပြောခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
 
မစ္စတာ ဆော်လဗန်က မကြာခင်က ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ ဖမ်းဆီးခံရတာအတွက် လည်း စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပြီး၊ ကိုဂျင်မီနဲ့ အခြား မတရားဖမ်းဆီးခံရသူ အားလုံးပြန်လည်လွတ် မြောက်ဖို့ အမေရိကန်က ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
 
ဒါ့အပြင် NUG ရဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာထိတွေ့ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး၊ အာဏာသိမ်းစစ်ကောင်စီ အနေနဲ့ အာဆီယံကို သဘောတူထားတဲ့အချက် ငါးချက်ပါ သဘောတူညီချက်တွေကို လိုက်နာစေဖို့ အာဆီယံ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံကြောင်း မစ္စတာ ဆော်လဗန်က ပြောကြားခဲ့တယ်လို့လည်း ကြေညာ ချက်မှာ ပါရှိပါတယ်။
 
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေတွေနဲ့ အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ ကြိုပမ်းနေတဲ့အကြောင်းကိုလည်း NUG တာဝန်ရှိသူ တွေနဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။