မန္တလေး ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဇနီးမောင်နှံနှစ်ယောက် သေနတ်ပစ်ခံရသေဆုံး

2021.12.12
မန္တလေး ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဇနီးမောင်နှံနှစ်ယောက် သေနတ်ပစ်ခံရသေဆုံး မန္တလေးမြို့က ကုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံကြီးကို တွေ့ရစဉ်
Photo: CJ

မန္တလေးမြို့ ၆၂ လမ်းပေါ်က ကုတင် ၃၀၀ ဆေးရုံရှေ့မှာ ဒီဇင်ဘာလ ၁၂ ရက် ဒီနေ့မနက်က ဇနီး မောင်နှံ နှစ်ယောက် ဆိုင်ကယ်စီးလာစဉ် သေနတ်နဲ့ပစ်ခံရလို့ နှစ်ယောက်စလုံး သေဆုံးခဲ့ပါတယ်။

ဇနီးဖြစ်သူကို မြို့တော်ဆေးရုံမှာ အလုပ်ဝင်ဖို့အတွက် အမျိုးသားဖြစ်သူက လိုက်ပို့ရင်း ခုလိုဖြစ်ရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“သူတို့ မင်္ဂလာဆောင်ထားတာ မကြာသေးဘူး။ ငါးလပိုင်းကမှ မင်္ဂလာဆောင်ထားတာ၊ အမျိုးသား က ကျောက်အရောင်းဝယ်လုပ်တာ။ ဒါက ပထမ ကိုယ်ဝန်ပေါ့၊ အခုတော့ အလောင်းကို အိမ်သယ်လာပြီ"

သူတို့နှစ်ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး ဘယ်သူက ပစ်ခတ်ခဲ့တယ်ဆိုတာကို အတိအကျ မသိကြပေမယ့် အဲဒီအနီးနားက ကုတင် ၃၀၀ ဆေးရုံနဲ့ အရိုးဆေးရုံ၊ သွားဆေးတက္ကသိုလ်တို့မှာ စစ်ကောင်စီ တပ်သားတွေ တပ်စွဲနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်နေတဲ့သူဖြစ်ပြီး ဘယ်နှစ်လဆိုတာတော့ မသိဘူးလို့လည်း အတည်ပြု ပြောပါတယ်။

မန္တလေးမြို့ရဲ့ လမ်းမကြီးတွေမှာ သွားလာနေတဲ့ ပြည်သူတွေကို စစ်ကောင်စီနဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တွေက စစ်ဆေးမှုတွေကို နေ့ည အချိန်မရွေး လုပ်ဆောင်နေတယ်လို့ မန္တလေးမြို့က ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။