ပုံနှိပ်ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို လက်မှတ်ရေးထိုး ကန့်ကွက်မည်
2013.03.11
ပြန်ကြားရေးဝန်ကြီးဌာနက လွှတ်တော်မှာ တင်သွင်းခဲ့တဲ့ “ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်း” ကို ကန့်ကွက်ဖို့အတွက် သတင်းမီဒီယာသမားတွေရဲ့လက်မှတ်တွေ စုဆောင်းပြီး လွှတ်တော်နဲ့ သမ္မတရုံးထံတင်ပြဖို့ ပြင်ဆင်နေပြီလို့ ဦးဆောင်လှုပ်ရှားသူ စာနယ်ဇင်းသမားတွေက ပြောပါတယ်။
အဲဒီဥပဒေမူကြမ်းထဲမှာပါဝင်တဲ့ ပုဒ်မတစ်ချို့ဟာ မီဒီယာတွေအပေါ် ဖိနှိပ်တဲ့ပုဒ်မတွေဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများသမဂ္ဂအဖွဲ့က ဦးဇော်သက်ထွေးက ပြောပါတယ်။
“ပုဒ်မ ၇ မှာဆိုလို့ရှိရင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မပြိုကွဲရန်တို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဝေဖန်ရန်ဆိုတဲ့ အချက်အလက်တွေဟာ ကျနော်တို့ မီဒီယာသမားတွေ မနှစ်မြို့တဲ့အချက်ပဲ၊ ပုဒ်မ ၂၀၊ ၂၁၊ ၂၂ မှာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေက မီဒီယာသမားတွေက တည်ဆဲဥပဒေကိုသာ ရင်ဆိုင်ရရုံသာမကပဲ နောက်ထပ်ပုံနှိပ်ဥပဒေကိုပါ ရင်ဆိုင်ရမယ့်သဘောဖြစ်နေတယ်၊ နိုင်ငံသားအခွင့်အရေးနဲ့ဆိုလို့ရှိရင် မီဒီယာသမားတွေက ပိုပြီးကြပ်တည်းသွားတဲ့အတွက်ကြောင့် သဘောမတူဘူး၊ အရေးကြီးဆုံးအချက်က သက်ဆိုင်ရာဝန်ကြီးဌာနကတဲ့ လိုအပ်သောနည်းဥပဒေကို နိုင်ငံတော်ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီမှုနဲ့ အချိန်အခါနဲ့အညီ ထုတ်ပြန်နိုင်တယ်ဆိုတဲ့ဟာဆိုရင် လုပ်ပိုင်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ပိုမိုပြီးရရှိအောင်လုပ်လာတဲ့ သဘောရှိတယ်”
သတင်းမီဒီယာသမားတွေထံက ဆန္ဒမဲလက်မှတ်တွေကို လိုက်လံစုဆောင်းပြီး လာမယ့် မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်နှစ်ခုစလုံးကို တင်ပြသွားမယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။
ပြီးခဲ့တဲ့သတင်းပတ်အတွင်းက လွှတ်တော်ထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်တင်သွင်းခဲ့တဲ့ ပုံနှိပ်ဥပဒေမူကြမ်းကို ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေ ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
အခုလိုသဘောထားဆန္ဒတွေကို သတင်းမီဒီယာသမားတွေသာမက ပြည်သူတွေအပါအဝင် နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေဆီကလည်း တောင်းခံထားတယ်လို့ သိရပါတယ်။