OIC ကိုယ်စားလှယ် လာရောက်ဆွေးနွေးမှာကို လက်မခံ
2013.04.16
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ OIC ခေါ် အစ္စလာမ်ဘာသာဝင် နိုင်ငံများအဖွဲ့ချုပ်က လာရောက်ဆွေးနွေးလိုပါကြောင်း နိုင်ငံတော် သမ္မတရုံးကို အကြောင်းကြားထားတဲ့ကိစ္စကို မကွေးတိုင်းမြို့နယ် ၈ မြို့နယ်မှာရှိကြတဲ့ သံဃာတော်တွေက ကန့်ကွက်ကြောင်း သမ္မတရုံးကို စာပေးပို့လိုက်ပါတယ်။
ပခုက္ကူ၊ ရေစကြို၊ ချောက်၊ ရေနံချောင်း စတဲ့ မြို့နယ် ၈ မြို့နယ်က သံဃာထုတွေ စုပေါင်းပြီး အဲဒီလို တညီတညွှတ်ထဲ ကန့်ကွက်ခဲ့ကြတာနဲ့ ပတ်သက်ပြီး ပခုက္ကူမြို့နယ် ရှင်မတောင်ဆရာတော် ဦးကဝိန္ဒောဘာသက မိန့်ကြားပါတယ်။
အခုလို ကန့်ကွက်ရတာဟာလည်း အစိုးရက ပြည်သူ့ဆန္ဒလေးစားပြီး တရားသဖြင့် စီမံကွပ်ကဲဆောင်ရွက်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမှ လာစရာမလိုပဲ ငြိမ်းချမ်းလာလိမ့်မယ်လို့ ယူဆတာကြောင့် ဖြစ်တယ်လို့ ရှင်မတောင်ဆရာတော်က မိန့်ကြားပါတယ်။
တနင်္ဂနွေနေ့က ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့မှာပြုလုပ်တဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ မြန်မာနိုင်ငံ မိတ္ထီလာနဲ့ ပဲခူးတိုင်းအနောက်ခြမ်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးဆွေးနွေးဖို့ ဝန်ကြီးအဆင့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံကို လာရောက်ခွင့်ပြုပါလို့ မြန်မာအစိုးရကို ပန်ကြားခဲ့တာ ဖြစ်ပါတယ်။