မြန်မာနဲ့ အနီးကပ် ဆက်ဆံမယ်လို့ OIC သံတမန် ပြောကြား
2014.07.04

OIC လို့ခေါ်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် မကြာသေးခင်က ခန့်အပ်ခံ ထားရတဲ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဆာယစ် ဟာမစ် အယ်လ်ဘား Syed Hamid Albar က မြန်မာနိုင်ငံနဲ့ အဆက်အသွယ် ပိုကောင်းအောင် ပထမဦးစားပေးလုပ်ငန်းအဖြစ် ကြိုးပမ်းသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
မိမိအနေနဲ့ OIC ရဲ့ အထူးသံကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံကို သွားရောက်ပြီး၊ OIC အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ မိမိ ဦးတည်ဆောင်ရွက်သွားမယ့် ကိစ္စတွေကို မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေကို ရှင်းပြဖို့ဆန္ဒရှိတယ်လို့ သူကပြောပါတယ်။ မိမိအနေနဲ့ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေရဲ့အရေးကို အလေးထားဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့လည်း သူက ပြောပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှုကို စတင်ရရှိတဲ့ တချိန်တည်းမှာပဲ လူနည်းစုအရေးနဲ့ ပတ်သက်လို့ နာမည်ဆိုးနဲ့ ရင်ဆိုင်နေရတယ်လို့ မစ္စတာ ဟာမစ်က ပြောပါတယ်။
OIC အဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့ စိတ်မဝင်စားပေမယ့်လည်း နိုင်ငံတွေ ရဲ့အောင်မြင်မှုဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်မှာ မူတည်နေတယ်ဆိုတာ ပြောကြား လိုကြောင်း၊ OIC အနေနဲ့ မြန်မာနိုင်ငံရဲ့ ကောင်းကျိုးအတွက် အဖြေတစ်ခုကို ရှာဖွေနေကြောင်း သူက ပြောပါတယ်။