မြစ်သာယူနီတီ ရေနံတူးဖေါ်ရေး အလုပ်သမားသမဂ္ဂ ဖွဲ့စည်း
2012.11.20
ကလေးမြို့နယ် ရေနံမှော်ထဲမှာ တပိုင်တနိုင်နဲ့ ရေနံတူးဖော်နေကြတဲ့ ရေနံလုပ်သားတွေဟာ ကုမ္ပဏီတွေရဲ့ ခေါင်းပုံဖြတ်မှုတွေ ခံနေရတာကြောင့် ဒီကိစ္စတွေကို ဖြေရှင်းညှိနှိုင်းပေးဖို့အတွက် ခုလို မြစ်သာယူနတီ ရေနံအလုပ်သမားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြတာဖြစ်တယ်လို့ သမဂ္ဂခေါင်းဆောင် တဦးဖြစ်တဲ့ ကိုစိုးနိုင်က RFA ကို ပြောပါတယ်။
ကလေးမြို့နယ်မှာ ဒေသခံအတော်များများဟာ တနိုင်တပိုင် ရေနံတူးဖေါ်ရောင်းချတဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းနေကြရတာပါ။
ကလေးမြို့နယ်က ရေနံအလုပ်သမားတွေဟာ သူတို့တူးဖော်ရရှိတဲ့ ရေနံတွေကို ပြင်ပပေါက်ဈေး ရေနံ ဂါလံ ၅ဝ ဆံ့ ပေပါ တလုံးကို ကျပ် တစ်သိန်းသုံးသောင်း ပေါက်ဈေးရှိနေချိန်မှာ ချယ်ရီရိုးမ၊ မိုးအဲန်မိုး၊ ဖြူးချား၊ ဓနသဟာရ ကုမ္ပဏီတွေထံ ကျပ် ၇ သောင်း လောက်နဲ့ ပေးသွင်းနေကြရတယ်လို့ သိရပါတယ်။