ဟားခါးတိုက်ပွဲမှာ စစ်ကောင်စီတပ် ဗိုလ်မှူးတစ်ဦးကို ဖမ်းမိကြောင်း CNF ပြော
2024.10.29

ချင်းပြည်နယ် ဟားခါးမြို့က တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်အရာရှိ တစ်ဦးအပါအဝင် စစ်သုံ့ပန်း လေးဦးကို ဖမ်းဆီးရမိတယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက RFA ကို အောက်တိုဘာလ ၃၀ ရက် ဒီနေ့မှာ ပြောပါတယ်။
အောက်တိုဘာလ ၂၈ ရက်နေ့က ဟားခါးမြို့ထဲနဲ့ မြို့အစွန်ကနေရာတွေမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး မြို့အစွန်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေ ဖမ်းမိတာလို့ ဆလိုင်းထက်နီက ပြောပါတယ်။
“ဟားခါးမြို့ပြင်အလွန်နေရာလေးမှာ ကျနော်တို့တိုက်ပွဲဖြစ်တယ် အဲဒီမြို့ပြင်က စခန်းငယ်တစ်ခုကို ကျနော်တို့ ဝင်သိမ်းနိုင်ခဲ့တယ်ပေါ့။ အဲဒီမှာ သူတို့ဘက်က ဆယ်ယောက်လောက် ပွဲချင်းပြီးကျတယ်။ လေးယောက်ကို အရှင်ဖမ်းထားတယ် အဲဒီအထဲမှာ ဗိုလ်မှူးတစ်ယောက်ပါတယ်ပေါ့”
ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူကထုတ် မပြောပါဘူး။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ ကိုင်ဆောင်တဲ့ လက်နက်တချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီနေ့မှာပဲ ဟားခါးမြို့ထဲနဲ့ စခန်းသိမ်းတဲ့နေရာကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တို့နဲ့ ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
အောက်တိုဘာလ တိုက်ပွဲတွေအတွင်း ဟားခါးနဲ့ ထန်တလန်ကြားက ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းယူထားတဲ့ စခန်းကုန်းတချို့ကို လက်လွှတ်လိုက်ရတာရှိပေမဲ့ စစ်ကောင်စီတပ်ကလည်း အဲဒီနေရာတွေမှာ အပြန်လည်အထိုင်ချနိုင်တာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ အစည်းအဝေးရှိနေတာကြောင့် လတ်တလော ဖြေဆိုဖို့ မအားလပ်သေးကြောင်း ပြောဆိုပါတယ်။
လက်ရှိမှာ ပွင့်လင်းရာသီရောက်လာပြီ ဖြစ်တာကြောင့် စစ်ကောင်စီတပ်က လက်လွှတ်လိုက်ရတဲ့နယ်မြေတွေ ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာနိုင်ပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ အနေနဲ့လည်း ခုခံစစ်နဲ့ ထိုးစစ် နှစ်ခုလုံးအတွက် ပြင်ဆင်ထားတယ်လို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ပြောထားပါတယ်။