တစ်ပါတီတည်း လွှမ်းမိုးမယ့် လွှတ်တော်တွေ အစိုးရအပေါ် ထိန်းကျောင်းနိုင်မလား

ဝေယံမိုးမြင့်
2020.11.30

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုင်းလုံးကျွတ် အနိုင်ရခဲ့တဲ့ တိုင်းဒေသကြီး လေးခု ရှိနေပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တချို့မှာလည်း NLD ပါတီကပဲ နေရာအားလုံးနီးပါး အနိုင်ရရှိထားတာကြောင့် တစ်ပါတီတည်းက ကိုယ်စားလှယ်တွေပဲ လွှမ်းမိုးနေမယ့် လွှတ်တော်တွေဟာ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို ထိန်းကျောင်းနိုင်ပါ့မလားလို့ မေးခွန်းထုတ်နေကြပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်အရ တနင်္သာရီ၊ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတွေမှာ NLD ပါတီက တိုင်းလုံးကျွတ်အနိုင်ရရှိခဲ့တာပါ။

မန္တလေးတိုင်းထဲက နေပြည်တော် ဇေယျာသိရီမြို့နယ်၊ ရန်ကုန်တိုင်းမှာ ကိုးကိုးကျွန်းမြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ကလေးဝ နဲ့ လဟယ် မြို့နယ်တွေကလွဲပြီး ကျန်တဲ့နေရာအားလုံးမှာလည်း NLD ကပဲ အနိုင်ရခဲ့တာကြောင့် တိုင်း ၇ တိုင်းက လွှတ်တော်တွေမှာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေသာ လွှမ်းမိုးနေတော့မှာပါ။

အရင်လို အစိုးရနဲ့ လွှတ်တော် ပုလင်းတူဗူးဆို့ ပုံစံမျိုးသွားရင် ပါတီနာမည်ပျက်သွားနိုင်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင် ကိုသီဟသွေးက သုံးသပ်ပါတယ်။

" NLD အခုလိုမျိုး တိုင်းဒေသကြီးလွှတ်တော်တွေအထိ ရာခိုင်နှုန်းပြည့်နိုင်သွားတာက NLD အတွက် အကြီးမားဆုံး စိန်ခေါ်မှုပဲ နိုင်ငံရေးအရ အင်မတန် သိမ်မွေ့နက်နဲတယ် ဒီမိုကရေစီကျင့်စဉ်ကို ဘယ်လောက်ထိ ကျင့်သုံးနိုင်လဲ ကိုင်စွဲနိုင်လဲဆိုတာ မကြာခင်မှာ တွေ့ရတော့မယ်။ အဆုံးအဖြတ်ခံရတော့မယ် ဒီအောင်ပွဲကနေ ဒီမိုကရေစီကို ဘယ်လောက်ကျင့်သုံးတယ် သူတို့သွေးသားမှာ ဘယ်လောက်ပဲရှိတယ်ဆိုတာ မြင်ရတော့မယ်။ ဒါအင်မတန်မှ ကြောက်ဖို့ကောင်းတဲ့ စီရင်မှုပဲ။ အရင်လို ပုလင်းတူဗူးဆို့ ပုံစံမျိုးနဲ့သွားရင် ဒီမိုကရေစီအရ နိုင်ငံရေးအရ နာမည်ပျက်သွားနိုင်တယ်။"

အနိုင်ရ NLD ပါတီက ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့ကို NLD ကိုယ်စားလှယ်တွေပဲရှိနေမယ့် လွှတ်တော်က မထိန်းကျောင်းနိုင်မှာကိုလည်း စိုးရိမ်နေသူတွေ ရှိပါတယ်။

"တိုင်းဒေသကြီးတွေထဲမှာတော့ ၂၀၁၅၊၂၀၂၀ အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်တွေက NLD အစိုးရကို ထိန်းကျောင်းတာ အမြင့်ဆုံးလို့ အများမြင်တာ ရန်ကုန်တိုင်းလွှတ်တော်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ရန်ကုန်တိုင်းလွှတ်တော် အသံမထွက်တာ တွေ့ရတယ်။ အသံမထွက်တာအပြင် အဲတုန်းက ထိန်းကြောင်းမှုမှာ အသံထွက်တဲ့သူတွေ ပြန်လည် အရွေးမခံရတာတွေ့ရတယ် ဒီလိုအခြေအနေမျိုးမှာ ၂၀၂၀ နဲ့ ၂၀၁၅ အတွင်း NLD အစိုးရကို NLD လွှတ်တော်ကပဲ ထိန်းသိမ်းတာမြင်ချင်ပါတယ် ဒီလိုအခြေအနေမျိုး ထွက်ပေါ်လာရင် ကောင်းမယ်လို့ ထင်ပါတယ်။"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ပြောသွားတာပါ။

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှုး မုံရွာအောင်ရှင်ကတော့ လာမယ့် အစိုးရသစ် လွှတ်တော်တွေမှာ ပါတီစုံ မပါဝင်ပေမယ့် အချိုးကျရှိနေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ အသံတွေ ထွက်လာနိုင်တယ်လို့ ဆိုပါတယ်။

"တပ်မတော်သား ကိုယ်စားလှယ်တွေလည်းရှိတယ် သူတို့လဲ ထောက်ပြစရာတွေရှိမှာပါ။ အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီလဲရှိတယ် ကျန်တဲ့ပါတီတွေလည်း ရှိတယ်ဆိုတော့ တပ်မတော်သားတွေရဲ့အသံ သိပ်မထွက်ခဲ့ဘူး။ အခုက NLD ဒုတိယ သက်တမ်း လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေအသံ အများကြီးကြားရမယ်လို့ မျှော်လင့်ပါတယ်။"

၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်အသီးသီးမှာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်း ရှိနေမှာဖြစ်ပါတယ်။

အတိုက်အခံတွေ မရှိမယ့် လွှတ်တော်တွေမှာ အစိုးရကို ထိန်းကျောင်းနိုင်ပါ့မလားလို့ မေးခွန်းထုတ်သူတွေ ရှိပေမယ့် တစ်ပါတီတည်းက အစိုးရနဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုတွေ ရှိခဲ့တာကို ထောက်ပြသူက လက်ရှိ သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်ပါ။

၂၀၁၅ ကနေ ၂၀၂၀ လွှတ်တော်သက်တမ်းအတွင်းမှာ တိုင်းအစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်ခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုနေဘုန်းလတ်က ပြောပါတယ်။

"အောင်မြင်သင့်သလောက်တော့ အောင်မြင်ပါတယ် အထူးသဖြင့် ဒေသဖွံဖြိုးရေး ဘတ်ဂျက်တွေ ရေးဆွဲနိုင်ခဲ့တယ်။ အစိုးရအဖွဲ့အချို့ ဝန်ကြီးတွေက လွှတ်တော်က မေးမြန်းတာကို သူတို့ ပြန်လည်ပြီး စိတ်ကျေနပ်စရာကောင်းအောင် မဖြေတာတွေ့ရတယ်။ နောက်တစ်ခုက ကတိကဝတ်ရှိပြီး အကောင်အထည် မဖော်တာတွေလည်းရှိတာပေါ့။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် NLD အစိုးရတွေနဲ့ လွှတ်တော်တွေက ပွတ်တိုက်မှုတွေ မကြာခဏဆိုသလိုရှိခဲ့ပြီး အဲဒီအထဲမှာ ရန်ကုန်တိုင်းက အများဆုံး ပွတ်တိုက်မှုဖြစ်ခဲ့တာပါ။

လက်ရှိ ပန်းပဲတန်းမြို့နယ် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသန်းနိုင်ဦးကလည်း လွှတ်တော်ရဲ့ အသံကို အစိုးရအဖွဲ့က နားထောင်မှ ဖွံဖြိုးတိုးတက်တဲ့ တိုင်းနဲ့ပြည်နယ်တွေကို တည်ဆောက်နိုင်မှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

"ဘာပဲဖြစ်ဖြစ် လွှတ်တော်အသံကို အစိုးရက နားကိုနားထောင်ရမယ် နယ်မြေဆင်းနေတဲ့ ပြည်သူလူထုကြားထဲက ပြည်သူလိုချင်တာကို လွှတ်တော်ကနေ အစိုးရသိအောင် အဆိုတင် မေးခွန်းမေးမြန်းနေတာ ဒါတွေကို အစိုးရက ဆောင်ကြဉ်းပေးရမယ် ဒီသဘောတရားကို အပြန်အလှန် လေးစားလိုက်နာရင် ကိုယ့်ပြည်နယ် တိုးတက်ဖို့ အမှန်တကယ်ရလာမယ်လို့ ထင်ပါတယ်။"

NLD အစိုးရသက်တမ်းက အခုဆိုရင် ၂ ကြိမ်ဆက်တိုက် ရှိလာတော့မှာဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ၅ နှစ်တာ သက်တမ်းကို အတွေ့အကြုံယူပြီး ဒေသဆိုင်ရာ လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေကြား ပိုကောင်းတဲ့ ထိန်းကျောင်းမှုတွေ ဖြစ်လာနိုင်မယ်လို့လည်း ဦးသန်းနိုင်ဦးက ယူဆပါတယ်။

ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျာကတော့ ပြီးခဲ့တဲ့ ၅ နှစ်သက်တမ်းအတွင်း NLD အစိုးရနဲ့ လွှတ်တော်ကြား အတွေ့အကြုံတွေကို သင်ခန်းစာ မယူနိုင်ခဲ့ရင် စိန်ခေါ်မှုတွေ ပိုများလာမယ်လို့ ထောက်ပြပါတယ်။

"၂၀၁၅ နဲ့ ၂၀၂၀ ကြား NLD အစိုးရနဲ့ လွှတ်တော်ကို သင်ခန်းစာမယူရင် ဒီထက်ကောင်းအောင် မလုပ်နိုင်ရင် NLD ပါတီရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးသွားမယ်လို့ ယူဆတယ်။ အဓိက စိန်ခေါ်မှုက NLD အစိုးရနဲ့ အန်တီစုအပေါ် ပိုကြီးမားလာမယ် ပိုပြီးခက်ခဲလာမယ်။ အခက်အခဲတွေ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ဆိုရင် NLD အစိုးရရယ်လို့ မဟုတ်ပဲ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့ ဖွဲ့စည်းဖို့ အားကောင်းတဲ့ လွှတ်တော်ဖြစ်လာဖို့ NLD အနေနဲ့ ဗျူဟာကျကျ စဉ်းစားနိုင်မယ်ဆိုရင် နိုင်ငံမှာ ကြုံနေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆပါတယ်။"

အနိုင်ရ NLD ပါတီဟာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အစိုးရအဖွဲ့ကို လာမယ့် ၂၀၂၁ ခုနစ် ဧပြီ မတိုင်ခင် ရွေးချယ်ခန့်အပ်ရမှာဖြစ်ပါတယ်။

ဒီလိုခန့်အပ်ရာမှာ ပါတီက ကြေညာထားတဲ့ အမျိုးသားညီညွတ်ရေး အစိုးရဆိုတဲ့ပုံစံမှာ အားလုံးပါဝင်တဲ့ အစိုးရအဖွဲ့မျိုးကို ဖွဲ့သင့်တယ်လို့ အကြံပြုသူတွေရှိနေပါတယ်။

"အမျိုးသားဒီမိုကရေစီ အစိုးရကပဲ ပြည်နယ်အစိုးရတွေကို ဖွဲ့စည်းရမယ့် ဒီကိစ္စမှာ ပြည်နယ်အခြေစိုက် ပါတီတွေနဲ့ ညှိနှိုင်းပြီး ပြည်နယ်အစိုးရတွေ ဖွဲ့စည်းဖို့ အကြံပြုချင်ပါတယ်။"

ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် ပြောသွားတာပါ။

ရွေးကောက်ပွဲအပြီး လေးရက်အကြာမှာ NLD ပါတီက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒသဘောထားတွေကို အလေးထားဆောင်ရွက်သွားပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ လက်တွဲလိုကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ခု နာမည်ကိုပါ ဖော်ပြပြီး ကမ်းလှမ်းထားတာပါ။

အဲဒီကြေညာချက်အရ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေ ဖွဲ့စည်းရာမှာ တိုင်းရင်းသားတွေ ပါဝင်ခွင့်၊ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားနဲ့ ဆန္ဒကို NLD ပါတီအနေနဲ့ ဘယ်လို ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာ စောင့်ကြည့်နေကြချိန် ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာမယ့် အစိုးရသစ်မှာ ပါတီစုံ တိုင်းရင်းသားပေါင်းစုံ ကိုယ်စားပြုခြင်းမရှိဘဲ တစ်ပါတီတည်းက ဦးဆောင်တဲ့ အစိုးရမဖြစ်ဖို့ တိုင်းရင်းသားတွေက မျှော်လင့်နေကြတာပါ။

တစ်ချိန်တည်းမှာပဲ အတိုက်အခံမရှိဘဲ တစ်ပါတီတည်းက ကိုယ်စားလှယ်တွေသာ လွှမ်းမိုးထားတဲ့ ဒေသဆိုင်ရာ လွှတ်တော်တွေ များနေတဲ့အတွက် အစိုးရအပေါ် အပြန်အလှန်ထိန်းကျောင်းမှု အားနည်းမှာကို စိုးရိမ်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။