ပိတ်ပင်ထားသည့်ကြားမှ သတ္တုရိုင်းများ တရုတ်နိုင်ငံဘက်ပို့
2011.04.30

သတ္တုရိုင်းတွေ တူးဖော်တဲ့ နေရာကနေ ကားငယ်တွေနဲ့ သယ်ထုတ်ကြတယ်လို့ အတွင်းသိ ဒေသခံ တယောက်က ပြောပါတယ်။
“ထူး က နာမည်ခံပဲ။ လုပ်တာ တရုတ်တွေက လုပ်တာ။ တောထဲကနေ ကားလေးတွေနဲ့ ထုတ်၊ ကွင်းတွေထဲမှာ ပုံပြီးတော့မှ ဟိုဘက်ကျတော့ တရုတ်ပြည်ကို ကားကြီးတွေနဲ့ ပြန်တိုက်တာ။ ဝိုင်းမော်နဲ့ လိုင်ဇာကြား ကျမှာပေါ့”
မြန်မာ့ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ထူးကုမ္ပဏီတို့ အကျိုးတူလုပ်ငန်းဖြစ်ပြီး သတ္တုတွင်းမှာ ဒေသခံ တိုင်းရင်းသားတွေ ဝင်ရောက်လုပ်ကိုင်တာ မတွေ့ရဘဲ တရုတ်နိုင်ငံဘက်က ဝန်ထမ်းတွေသာ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံကို လိုင်ဇာလမ်းကတဆင့် ကုန်စည်တင်ပို့ခွင့် ပိတ်ပင်ထားပေမယ့် တရုတ်နိုင်ငံက ကားတွေနဲ့ သတ္တုရိုင်းတွေတင်ပြီး တရုတ်နိုင်ငံဘက် သွားတာလို့လည်း ပြောကြပါတယ်။
ရွှေညောင်ပင်ဟာ မြစ်ကြီးနားနဲ့ တရုတ်-မြန်မာနယ်စပ် လိုင်ဇာအကြားမှာ ရှိပြီး တရုတ်နိုင်ငံဘက်က လာတဲ့ မော်တော်ကားကြီး အစီး လေးငါးဆယ် တန်းစီ ရပ်စောင့်နေတာ တွေ့ရတယ်လို့ နောက် ဒေသခံတယောက်က ပြောပါတယ်။ ကားနောက်ပိုင်းကို ဖုံးကွယ်ထားတဲ့အတွက် ဘာပစ္စည်းတွေ တင်တယ်ဆိုတာ အလွယ်တကူ မသိနိုင်ပေမယ့် ဒေသခံတွေကတော့ သတ္တုကားတွေလို့ ပြောဆိုနေကြတယ်လို့လည်း ပြောပါတယ်။