မြန်မာပြည် ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေး ICG အဖွဲ့ အစီရင်ခံ

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မျှော်မှန်းထားလို အောင်မြင်မှု မရှိတဲ့ အတွက် ပြန်ပြီး စဉ်းစား သုံးသပ်သင့်ပြီ ဖြစ်ကြောင်း ဘယ်လ်ဂျီယမ် အခြေစိုက် ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောလိုက်ပါတယ်။

2011.03.07
jade_test_305_z.jpg ရန်ကုန်မြို့တွင်ကျင်းပသော ကျောက်မျက်ရတနာပြပွဲတွင် ၂၀ဝ၈ ခုနှစ် မတ်လ ၁၁ နေ့က ကျောက်စိမ်းအရည်အသွေးကို ရတနာကုန်သည်တစ်ဦး စစ်ဆေးနေစဉ်
(Photo: AFP)

မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ အစိုးရသစ်မှာ စစ်ဗိုလ်ချုပ်တွေကသာ အဓိက လွှမ်းမိုးနေပေမယ့် ဒါဟာ ပြုပြင်ပြောင်းလဲရေးနဲ့ ပိုပြီး လွတ်လပ် ပွင့်လင်းမှုအတွက် အခွင့်အလမ်းတခု ဖြစ်ကြောင်း ICG ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဒီအခွင့်အလမ်းကို အမိအရ အသုံးချနိုင်ဖို့ အတွက်ဆိုရင် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အနောက်နိုင်ငံတွေရဲ့ မအောင်မြင်တဲ့ ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒတွေကို ပြောင်းလဲမှသာ ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး အဲဒီလို မူဝါဒအသစ်တခုနဲ့ ပြောင်းလဲ ချဉ်းကပ်ခြင်းအားဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ရင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာနိုင်တယ် ဆိုတဲ့အကြောင်း မြန်မာခေါင်းဆောင်တွေကို အချက်ပြနိုင်မှာ ဖြစ်ကြောင်းလည်း ICG အစီရင်ခံစာက အကြံပြုထားပါတယ်။

မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းခွင့် ပိတ်ပင်ထားတာလို စီးပွားရေး ပိတ်ဆို့မှုတွေ၊ ဖွံ့ဖြိုးရေး အကူအညီ ကန့်သတ်မှုတွေကို ပြန်ရုပ်သိမ်းဖို့နဲ့ တချိန်တည်းမှာ မြန်မာနိုင်ငံကို ငွေကြေးအကူအညီတွေ တိုးမြှင့်ပေးဖို့လည်း အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။

အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေး အခင်းအကျင်းတွေ ပြောင်းလဲလာမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေကြတဲ့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့လည်း မြန်မာ့နိုင်ငံရေး တည်ငြိမ်ဖို့ အတွက် တစုံတရာ ပါဝင် ပတ်သက်လာကြမှာ ဖြစ်တယ်လို့ ICG အစီရင်ခံစာက သုံးသပ် ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-03-07 13:11

Agree !!!!!!!!