မြန်မာကပြန်လာတဲ့ ထိုင်း ၅ဝ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

လုဆိုင်း
2021.01.13

ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကာစီနိုလောင်းကစားရုံတွေမှာ သွားရောက်အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသား ၇၅ ယောက် ဟာ တဖက်ကမ်း မဲဆောက်မြို့ကို အခုရက်ပိုင်းမှာ ပြန်လည် ဝင်ရောက်ခဲ့ပြီး တချို့မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က လောင်းကစားရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား ၇၀ ကျော် ထိုင်းနိုင်ငံကို ပြန်လာတဲ့အခါ အဲဒီထဲက ၅၀ ကျော်မှာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ မဲဆောက်ဆေးရုံမှာ ဆေးကုသပေးနေပါတယ်။

အဲဒီ ထိုင်းနိုင်ငံသား ၇၅ ဦးထဲက ၅၂ ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရလို့ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပြီး တချို့ကို ကိုဗစ်ရောဂါ စောင့်ကြည့်ရေးစင်တာကို ပို့ဆောင်လိုက်တယ်လို့ မဲဆောက်မြို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

“ဇန်နဝါရီလ ၁၂ ရက်နေ့ မနေ့ကပေါ့။ မဲဆောက်တဖက်ကမ်း ကာစီနိုမှာလုပ်တဲ့ အားလုံးပေါင်း ၇၅ ယောက်၊ ထိုင်းနယ်စပ် မဲဆောက်ဘက်ခြမ်းကို ပြန်လာကြတယ်။ သူတို့ကို ကျန်းမာရေး တာဝန်ရှိတဲ့ လူတွေက ဆေးစစ်တဲ့အခါကျတော့ အဲဒီ ၇၅ ဦးထဲက ၅၂ ယောက် ကိုဗစ်ပိုးတွေ့တော့ ဆေးရုံက ဆက်ပြီးတော့ လိုအပ်တဲ့ ဆောင်ရွက်ချက်တွေ ဆောင်ရွက်နေတယ်။ အခြားသော ၂၃ ယောက်ကတော့ စောင့်ကြည့်ရေး စင်တာမှာ သီးခြားစောင့်ကြည့်နေတယ်”

ဇန်နဝါရီလ ၇ ရက်နေ့ကလည်း မြန်မာပြည်ကနေ ပြန်ဝင်လာတဲ့ ထိုင်းနိုင်ငံသား ၄၀ ဦးထဲက ၁၇ ဦးမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရလို့ မဲဆောက်ဆေးရုံမှာ ဆေးကုသမှု ခံနေရပါတယ်။

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့က လောင်းကစားရုံးတွေမှာ အလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေလည်း ဒီနေ့ထိ ထိုင်းနိုင်ငံကို ပြန်နေကြတုန်းပါပဲ။ အဲဒီလို ပြန်သွားတဲ့သူတွေထဲမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိတာ အနည်းဆုံး ငါးယောက်လောက် ရှိခဲ့တယ်လို့ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးက ထိုင်း-မြန်မာ ဆက်ဆံရေးတာဝန်ခံ ဦးထွန်းက ပြောပါတယ်။

“ပြန်နေပါတယ်။ သူတို့ စာရင်းလာပေးပါတယ်။ သူတို့ စာရင်းလာပေးလို့ သူတို့ ထိုင်းနိုင်ငံသား မှန်တယ်ဆိုရင် ထိုင်းသံရုံးကို ဆက်သွယ်လိုက်လို့ရှိရင် သူတို့နိုင်ငံသား မှန်တယ်ဆိုတဲ့ ထောက်ခံချက် ပြန်လာတာနဲ့ မြန်မာအစိုးရကနေပြီးတော့ လွှတ်ပေးတယ်။ ကျနော်တို့ ဒီဘက်လမ်းကြောင်းကနေ ပြန်တဲ့ထဲမှာတော့ ဟိုရောက်မှ တွေ့တာရှိတယ်။ ပြန်သွားတဲ့ တယောက်ကတွေ့တယ်။ နောက်ထပ် လာတဲ့ထဲမှာ positive နဲ့ ဟိုတခါ ငါးယောက်ပေါ့နော်။ အဲဒီ ငါးယောက်ပဲ။ နောက်ထပ် positive ဆိုတာတော့ မတွေ့ဘူး”

ထိုင်းနိုင်ငံသားတွေ တာချီလိတ်မြို့ကနေ မယ်ဆိုင်မြို့ကဘက်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တွေမှာ တရက်မှာ နှစ်ယောက် သုံးယောက် ပြန်နေကြတုန်းပဲလို့ သူက ပြောပါတယ်။

ဇန်နဝါရီလ ၁၃ ရက်နေ့ထိ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရတဲ့လူနာသစ် ၁၅၇ ဦးရှိပြီး အဲဒီထဲမှာ ၁၃၂ ဦးက ပြည်တွင်းကူးစက်မှုဖြစ်ပါတယ်။ စုစုပေါင်း လူနာ တစ်သောင်းနဲ့ ကိုးရာကျော်ရှိပြီး သေဆုံးသူ ၆၇ ဦး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။