စိန်ကမ္ဘာ ချည်မျှင်စက်ရုံ ဆန္ဒပြမှု ပြေလည်စွာ ပြီးဆုံး


2013.09.11
seinkabar-textile-worker-305.jpg စက်တင်ဘာလ ၁ဝ ရက်နေ့က စက်ရုံအရှေ့မှာ ဆန္ဒပြနေကြ တဲ့ စိန်ကမ္ဘာချည်မျှင်စက်ရုံက အလုပ်သမားများကို တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်း စက်မှုဇုန်အမှတ်()က စိန်ကမ္ဘာ ချည်မျှင်စက်ရုံမှာ မနေ့က ဆန္ဒပြခဲ့တဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား သဘောတူညီချက်ရခဲ့ပြီး ဆန္ဒပြပွဲကို ရုတ်သိမ်းလိုက်ကြောင်း သိရပါတယ်။

မနေ့က ဆန္ဒပြကြတဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲက အလုပ်သမားအဖွဲ့အစည်း ဖွဲ့ခွင့်ပြုမှာအပြင် ကျန်းမာရေး စောင့်ရှောက်မှုကိုလည်း အလုပ်ရှင်ဘက်က တာဝန်ယူပေးမယ်လို့ သဘောတူကြကြောင်း အလုပ်သမား ကိုသက်နှင်းအောင်က RFA ကို ပြောပါတယ်။

အလုပ်ရှင်က အကုန်လုံးကို ပေးလိုက်တယ်ပေါ့၊ ၈ဝ ရာခိုင်နှုန်းလောက်တော့ ကျနော်တို့ အောင်မြင်တယ်ပေါ့၊ အလုပ်ရှင်ဘက်က တောင်းဆိုချက်တွေကိုလည်း ကျနော်တို့ အလုပ်သမားတွေက လိုက်လျောတယ်၊ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကိုလည်း အလုပ်ရှင်က လိုက်လျောတယ်ပေါ့၊ တစ်ဦးနဲ့တစ်ဦးနားလည်မှုယူပြီးတော့ စာချုပ်ချုပ်တယ်ပေါ့၊ ကျနော်တို့တောင်းဆိုထားတာက လုပ်ခလစာကလွဲပြီးတော့ ကျန်တာတွေအကုန်လုံးက ဥပဒေအရတောင်းဆိုတာဖြစ်တဲ့အတွက် အကုန်လုံးရပါတယ်”

အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေထဲမှာ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အလုပ်ဌာန ပြောင်းရွှေ့ခိုင်းတာတွေမလုပ်ဖို့၊ လုပ်ငန်းခွင်ထဲမှာ ထိခိုက်ဒဏ်ရာရရင် အပြည့်အဝတာဝန်ယူပေးဖို့၊ လုပ်သက် ၃ လပြည့်ပြီးတဲ့ အလုပ်သမားတွေကို လစာတိုးပေးဖို့နဲ့ စက်ရုံတွင်း အလုပ်သမားအားလုံးကို လစာငွေ နှစ်သောင်းတိုးပေးဖို့စတဲ့ အချက်တွေကို မနေ့က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီတောင်းဆိုချက်တွေထဲက လစာတိုးပေးဖို့အချက်ကိုတော့ အလုပ်ရှင်ဖက်က သဘောမတူခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် အလုပ်ရှင်ဘက်က နောင်အခါ ဒီလိုဆန္ဒပြတာတွေမလုပ်ဖို့၊ လုပ်ငန်းခွင်အတွင်းမှာ အဆင်ပြေအောင်ညှိနှိုင်းဖို့ တောင်းဆိုတာကို အလုပ်သမားတွေဘက်ကလည်း သဘောတူလက်ခံပြီး နှစ်ဘက်သဘောတူစာချုပ် ချုပ်လိုက်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။