ပဲခူးဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့ ဆန္ဒပြမည်


2018.01.12
winthein-bago-pm-622.jpg ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ကို တွေ့ရစဉ်
Photo: RFA

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း နုတ်ထွက်ပေးဖို့ လာမယ့် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပဲခူးမြို့ မှာ ပြည်သူ ၈၀၀ လောက်စုပေါင်းပြီး ဆန္ဒပြတောင်းဆိုသွားမယ်လို့ တက်ကြွလှုပ်ရှားသူ ဦးနေလင်း က ပြောပါတယ်။

တရားဥပဒေစိုးမိုးရေး၊ အလုပ်အကိုင်ဖန်တီးမှုနဲ့ ဖွံ့ဖြိုးရေး မဆောင်ရွက်နိုင်ခြင်း၊ မြေယာပြဿနာ မဖြေရှင်းနိုင် တဲ့အတွက်နဲ့ ယာဉ်အန္တရာယ်ပြဿနာတွေကို မဖြေရှင်းပေးနိုင်တဲ့အတွက် အခုလို ဆန္ဒပြသွားမှာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်မယ့် ဦးနေလင်းက ပြောပါတယ်။

"အချက်လေးချက်ပါတယ်လေ၊ ဒေသတွင်း တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ၁ အချက် ၂ အချက်က ဒေသတွင်း အလုပ်အကိုင်ဖန်တီးမှုနဲ့ ဖွံ့ဖြိုးရေး ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ၃ အချက်က ကျနော်တို့ ဒေသတွင်း မြေယာပြဿနာများအား ဖြေရှင်းပေးနိုင်ခြင်း မရှိတဲ့အတွက် ၄ အချက်က ဒီ ၂ နှစ်အတွင်းမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကျပ်တည်းမှု ပြဿနာ၊ ယာဉ်အန္တရာယ် ပြဿနာ ကင်းရှင်းအောင် အခုအချိန်ထိ ဘာမှပြောင်းလဲအောင် မဆောင်ရွက်ပေးနိုင်တဲ့ အချက်ပေါ့၊ အဲအချက် ၄ ချက် တောင်းဆိုတာ ဒေသအတွင်း ဒါတွေဖြစ်လာတာ ဝန်ကြီးချုပ်က အဓိကကျတော့ ဝန်ကြီးချုပ်ကိုပဲ အဓိကပြတယ်"

ဆန္ဒပြပွဲကို ၁၄ ရက်နေ့ မနက် ၉ နာရီမှာ ပဲခူး ရွှေမော်ဓောဘုရားကြီးအနီး ယာဉ်ရပ်နားဝင်းမှာ စုဝေးသွား မှာဖြစ်ပြီး ပဲခူးတိုင်းလွှတ်တော်နဲ့ အစိုးရအဖွဲ့ရုံးအထိ မနက် ၁၀ နာရီမှာ ချီတက်ဆန္ဒပြသွားမှာဖြစ်တယ် လို့ ပြောပါတယ်။

အဲဒီ ဆန္ဒပြပွဲအတွက် မြို့နယ်ရဲတပ်ဖွဲ့ကို အသိပေးထားပြီးဖြစ်သလို သက်ဆိုင်ရာက တားဆီးတာ မရှိပေမယ့် ခေါ်ယူမေးမြန်းတာတော့ရှိတယ်လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တုန်းကလည်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ တိုင်းအစိုးရအဖွဲ့ဝန်ကြီး နှစ်ဦး ရာထူးကနေ နုတ်ထွက်ပေးဖို့အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့မှာ ဆန္ဒပြခဲ့ဖူးသလို ပဲခူးတိုင်းဒေသကြီး အတွင်းမှာလည်း ဝန်ကြီးချုပ် နုတ်ထွက်ပေးရေးအတွက် ဒေသခံတွေ စုပေါင်းပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီတုန်းက ဝန်ကြီးချုပ်နဲ့အတူ ဆန္ဒပြခံရတဲ့ ပဲခူးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်လွင်နဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံ တို့ဟာလည်း ပြည်နယ်အစိုးရအဖွဲ့ ကနေ နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေကို အပြောင်းအလဲ ပြု လုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၃ ရက်အတွင်း ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် ၁ ယောက်နဲ့ ဝန်ကြီး ၅ ယောက်ကို နုတ် ထွက်ခွင့်ပြုကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။