ဆန္ဒပြသူတွေဟာ တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်ကို နားမလည်သူတွေလို့ ဝန်ကြီးချုပ် ပြော
2018.01.14

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တာဝန်ကနေ နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေဟာ တိုင်းအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို နားမလည်သူတွေသာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီနေ့ ပြောပါတယ်။
ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်ပေးဖို့ ပဲခူးမြို့ခံ ၁၀၀ ကျော်က ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို သတင်းမီဒီယာသမားတွေက သွားရောက် မေးမြန်းရာမှာ ဦးဝင်းသိန်း က ပြောလိုက်တာ ဖြစ်ပါတယ်။
"အားများတဲ့အပိုင်းက ပြည်သူတွေနဲ့ ပေါင်းစပ်တဲ့အခါမှာ တချို့နားမလည်နိုင်တာလေးတွေ ရှိတယ်ပေါ့နော်၊ ဒီနေ့ဆန္ဒပြတယ်ဆိုတာလည်း အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ်မှာ ကျနော်တို့ နားမလည်နိုင်မှုလေးတွေ ထိတွေ့မှုအားနည်းတာလည်း ရှိကောင်းရှိမယ်၊ သို့သော်လည်း ခုနက ကျနော်တို့ ပြောနေတဲ့ အရွေ့အပြောင်းမှာ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေ၊ သဘောထားတွေ ဒါတွေအပေါ်မှာ ကျနော်တို့ကိုယ်တိုင်ကို တဖက်ကလည်း အကောင်အထည်ဖော်နေတဲ့အချိန်မှာ ပြည်သူတွေအကုန်လုံးက ကျနော်တို့နဲ့ သွားနေတဲ့ ကြိုးပမ်းမှုတွေအပေါ်မှာ အကုန်လုံးတော့ တင်းပြည့်ကျပ်ပြည့် အောင်မြင်နိုင်မှုစွမ်းအားနဲ့ နားလည်နိုင်မှုစွမ်းအားတွေမှာတော့ ဒါရှိနိုင်တယ်လို့ ဒီလိုပဲ ကျနော် ယူဆပါတယ်"
ပဲခူးတိုင်းဒေသကြီးအတွင်း တရားဥပဒေစိုးမိုးရေးမရှိတာ၊ မြေယာပြဿနာတွေ မဖြေရှင်းနိုင်တာ၊ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု မရှိတာတွေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေကို မဆောင်ရွက်နိုင်တဲ့ အတွက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ လူအင်အား ၈၀၀ ပါဝင်မယ်လို့ ခွင့်ပြုချက်တင်ထားပေမယ့် လူဦးရေ ၁၀၀ ကျော်ပဲ ပါဝင်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် နုတ်ထွက်ရေးအတွက် ဆန္ဒပြတောင်းဆိုတာဟာ ပဲခူးတိုင်းအတွင်း ၃ ကြိမ် လောက်ရှိနေပြီ ဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ NLD ပါတီဝင်တွေ ပါဝင်မယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပြီး အဲဒီဆန္ဒပြပွဲဟာ မြို့နယ် NLD ပါတီတာဝန်ရှိသူတွေရဲ့ သဘောထားမဟုတ်ကြောင်း ပါတီဝင်တွေ မပါဝင်ဖို့ သတိပေးတားမြစ်စာ ထုတ်ပြန်ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။