တပ်နဲ့ AA တိုက်ပွဲ ရပ်နေပေမယ့် ပလက်ဝ စစ်ဘေးဒုက္ခသည်တွေ နေရပ်မပြန်ရဲသေး

မဖြူဖြူခိုင်
2020.12.14

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ လတ်တလော အပစ်ရပ်နေတယ် ဆိုပေမယ့် နှစ်ဖက်တပ်ရဲ့ အနေအထားက အင်အားလျှော့တာမျိုးမရှိသေးဘဲ လုံခြုံတဲ့အနေအထားမရှိသေးတာကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေရပ်နေတာကြောင့် စစ်ဘေးဒုက္ခသည်တချို့ နေရပ်ပြန်ကြတာရှိပေမယ့် ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေကတော့ စိတ်ချရတဲ့အခြေအနေ မရှိသေးတာကြောင့် မပြန်နိုင်ကြသေးပါဘူး။

မီးလက်ဝရွာကနေ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းကို ရောက်နေတာ ၉ လကြာပြီဖြစ်တဲ့ ဦးရွှေကျော် ကတော့ နေရပ်ပြန်နိုင်ဖို့ တာဝန်ရှိသူတွေရဲ့ စီစဉ်ပေးမှုကို မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့မှာ အိမ်ပျက်တွေ ရွာပျက်တွေ ဖြစ်သွားလို့ ရွာပြန်လို့ မရသေးဘူး။ လူတွေကတော့ ငြိမ်းချမ်းရေး အမြန်ဆုံး ရနိုင်ဖို့ ဆုတောင်းရင်းနဲ့ ကျွန်တော်တို့ ပြန်ချင်ပြီ။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြန်ဖို့လတ်တလောမှာ အဆင်မပြေတဲ့ အခက်အခဲတွေ၊ စားရေး၊ နေရေ၊း အခက်အခဲ၊ ကျန်းမာရေး အခက်အခဲတွေနဲ့ အိမ်ပျက်၊ ရွာပျက်တွေဆိုတော့ ကျွန်တော်တို့မှာ နေထိုင်စရာလည်း မရှိတော့ဘူး။ ဒါကြောင့် ပြန်လို့မရဘူး။ တာဝန်ရှိပုဂ္ဂိုလ်တွေက ကျွန်တော်တို့ကို ပြန်ခိုင်းတဲ့အခါမှပဲ ကျွန်တော်တို့ပြန်ဖို့ အဲဒါပဲ မျှော်လင့်ချက်ရှိတယ်”

ပလက်ဝမြို့နယ်အတွင်းက ကျေးရွာတွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝနဲ့ ဆမီးမြို့ စိမ့်စင်းကျေးရွာ၊ မီးဇာကျေးရွာတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော် ရှိနေတာပါ။

သူတို့ရဲ့ စားဝတ်နေရေးကို အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့မှုတွေကြောင့် လတ်တလော အဆင်ပြေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် နှစ်ဖက်တပ်တွေက ရွာရဲ့အနီးဝန်းကျင်မှာရှိနေသေးတာ၊ တပ်အင်အားလျော့တာတွေ မရှိသေးတာကြောင့် တချိန်ချိန်မှာ တိုက်ပွဲပြန်ဖြစ်လာမှာကိုစိုးရိမ်ပြီး လုံခြုံတဲ့ အနေအထားမရှိသေးတဲ့အတွက် မပြန်ရဲကြသေးတာလို့ ချင်းနေရပ်စွန့်ခွာသူများ ကူညီထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။

“နှစ်ဖက်လက်နက်ကိုင်တွေက ရွာရဲ့အနီးဝန်းကျင်မှာ ရှိနေသေးတယ်။ တိုက်ပွဲ မဖြစ်တာပဲရှိတယ်။ တပ်ရဲ့အနေအထားက ဆုတ်တာတို့ ဘာတို့ အေအေ ဖက်ကလည်း မရှိဘူး။ မြန်မာ့တပ်မတော်ဖက်ကလည်း တပ်ရဲ့အနေအထားကို အင်အားလျှော့တာတို့ မရှိတဲ့အခါ သူတို့က တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တယ်။ ရွာရောက်တာနဲ့ကို တိုက်ပွဲတွေက အကြီးအကျယ်ဖြစ်ရင် နောက်ထပ် သွားရေးလာရေး အင်မတန်ခက်ခဲမယ်။ လုံခြုံတဲ့အနေအထား မဟုတ်သေးဘူးဆိုတာ ခံစားနေသေးတယ်။ ဒါကြောင့် သူတို့ပြန်ဖို့ လောလောဆယ် မဖြစ်သေးဘူးလို့ သုံးသပ်မိတယ်“

ရခိုင်ဒေသအတွင်း တိုက်ပွဲတွေမရှိတော့ပဲ တပ်မတော်နဲ့ AA အဖွဲ့အကြား တွေ့ဆုံဆွေးနွေးတာတွေ လုပ်နေပေမယ့်လည်း တပ်အင်အားလျှော့ချတာတွေမရှိပဲဖြစ်နေတာ ဘာကြောင့်လဲဆိုတာကိုသိနိုင်ဖို့ တပ်မတော်ဘက်ကိုရော AA အဖွဲ့ကိုပါ RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အစိုးရအနေနဲ့ နေရပ်ပြန်လိုတဲ့စစ်ဘေးဒုက္ခသည်တွေရဲ့ စားသောက်နေထိုင်ရေးကို တိတိကျကျ လုပ်ဆောင်ပေးနိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ချင်းနေရပ်စွန့်ခွာသူများ ကူညီထောက်ပံ့ရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။


နေရပ်ပြန်လိုတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ပြည်နယ်အစိုးရက ဘာတွေစီစဉ်နေလဲဆိုတာကို သိနိုင်ဖို့ ချင်းပြည်နယ် အစိုးရအဖွဲ့က စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည် နှစ်သိန်းကျော်ရှိပြီး အဲဒီထဲက ခုနစ်သောင်းကျော်ဟာ တိုက်ပွဲတွေ မရှိတာကြောင့် နေရပ်ပြန်သွားတာတွေလည်း ရှိပါတယ်။

လက်တလော အပစ်ရပ်နေပေမယ့် ဘာသဘောတူညီချက်မှ မရှိတာကြောင့် စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်လို့ ချင်းပြည်နယ် ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဆိုပါတယ်။

“အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေမဖြစ်တဲ့ကိစ္စက ကောင်းတဲ့အလားအလာပေါ့။ ဒါပေမဲ့လည်း ဘယ်လိုဖြစ်မယ်မှန်း မသိသေးဘူး။ ဒါကတည်တံ့နိုင်တဲ့ အပစ်အခတ်ရပ်စဲမှု ဟုတ်၊ မဟုတ် ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်။ ပလက်ဝဘက်မှာကျတော့ အာမခံချက်မရှိဘူး။ ရွာပြန်ဖို့ရနိုင်တယ်ဆိုတဲ့ အာမခံချက်မရှိဘူး။ တပ်ကလည်း အာမမခံဘူး။ အေအေဖက်ကလည်း အာမမခံဘူး။ အဲတော့ အစိုးရအနေနဲ့ကလည်း အဲဒီအနေအထားမှာ ဘာမှန်းမသိတဲ့အနေအထားမှာ နေရပ်ပြန်ဖို့ကိစ္စတွေက လုပ်လို့မရဘူးလေ။ အခုက သဘောတူညီမှုနဲ့ တိုက်ပွဲတွေ ရပ်စဲကြတာမှ မဟုတ်တာ။ အခုက ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စတစ်ခုကြောင့် ငြိမ်သွားတာလေ။ အခုဆွေးနွေးချက်ကိုတော့ စောင့်ရမယ်“

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ နှစ်နှစ်နီးပါးကြာ အပြင်းအထန်တိုက်ခိုက်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ရဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေဟာ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းကနေတဆင့် အရင်ဆုံးဆွေးနွေးခဲ့ကြပြီး၊ ဒီဇင်ဘာလ ၉ ရက်နေ့က UWSA ထိန်းချုပ်တဲ့ ပန်ဆန်းမြို့မှာ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးမှုတွေကတဆင့် တိုက်ပွဲရပ်ပြီး၊ ငြိမ်းချမ်ရေး ဆွေးနွေးလာကြတဲ့အထိ ဖြစ်လာဖို့ကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။