ပန်ဒါစက်ရုံ အမှု ရုံးချိန်းပေး
2016.06.23

အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ် ချိုးဖေါက်မှုနဲ့ တရားစွဲခံနေရတဲ့ ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်လိပ် စက်ရုံ အလုပ်ရှင်ကို ဒီနေ့ ပထမဆုံးအကြိမ် တရားရုံးချိန်းရှိခဲ့ပေမယ့်၊ တာဝန်ရှိရဲတပ်ဖွဲ့က မစစ်ဆေးရသေးလို့ဆိုပြီး၊ လာမယ့် ၃၀ ရက်နေ့ကို နောက်တစ်ကြိမ် ရုံးချိန်းပေးလိုက်ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ပန်ဒါစက်ရုံ အလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်း က ရဲကို မေးခွန်းထုတ် လိုက်တဲ့အကြောင်း ပြောပါတယ်။
"ဒီနေ့ တရားရုံးကျမှ ရဲက သူသက်သေတွေကို စစ်ဆေးဖို့ရာ မပြီးသေးတဲ့အတွက် ၃ဝ ရက်နေ့ ရုံးချိန်းကို ပြန်ချိန်း ပါတယ်ဆိုပြီးလုပ်တယ်၊ ဆိုလိုတာက ၉ ရက်နေ့ကစပြီး တရားသူကြီးဆီကို ဦးတိုက်လျှောက်တဲ့ဟာက ၉ ရက်ကနေ ၂၃ ရက်နေ့အထိ ဒီမြို့နယ်ရဲက ဘာတွေအလုပ်လုပ်နေလဲ၊ ကျမတို့ ခေါင်းဆောင်တွေကိုလည်းပဲ သက်သေထွက်ဆိုမယ့်လူတွေ စစ်ဆေးဖို့ရာဆိုပြီး စာနဲ့တရားဝင် အကြောင်းကြားပြီး ခေါ်တာမျိုးလဲမရှိဘူး၊ ကျမကဒီနေ့ ဒုရဲအုပ်ကိုမေးလိုက်တယ်၊ အလုပ်ရှင်က ရန်ကုန်သွားနေလို့ဆိုပြီး ၃ဝ ရက်နေ့ ပြန်ချိန်းတယ်ဆိုတာ ဒါတွေက မဖြစ်သင့်ဘူးပေါ့"
ဒီနေ့တရားရုံးချိန်းကို တရားလိုဖြစ်တဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးမင်းမင်းဝင်း လည်း ရောက်လာခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတိုင်း ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်အရ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးနှစ်ဦးနဲ့ တိုင်းလွှတ်တော် ကိုယ်စားလှယ်တချို့ကလည်း သပိတ်မှောက် အလုပ်သမားတွေကို သွားရောက် တွေ့ဆုံပြီး၊ အဖြစ်အပျက် အခြေအနေတွေ စုံစမ်းမေးမြန်းသလို၊ တာဝန်ရှိသူတွေကို တင်ပြပေးမယ်လို့ ပြောဆိုသွားကြောင်းလည်း သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ ပန်ဒါအလုပ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်ဇာခြည်ဝင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။