ပန်ဒါစက်ရုံ ဆန္ဒပြပွဲ ၂ လကျော်ပြီ


2016.08.12
panda-workers-protest-mdy-620.jpg ပန်ဒါစက်ရုံလုပ်သားတွေ မန္တလေးမြို့မှာ သြဂုတ်လ ၁၂ ရက်နေ့က ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

၂ လ ကျော်ကြာ ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ မန္တလေးတိုင်းဒေသကြီး ပုလိပ်မြို့ ပန်ဒါချည်မျှင်စက်ရုံက အလုပ်သမား ၃၀၀ လောက်ဟာ ဒီကနေ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးတိုင်းအစိုးရက သူတို့တောင်းဆိုချက်တွေကို ဖြေရှင်းပေးဖို့အတွက် မြို့ပေါ်မှာ တောင်းဆိုရတာဖြစ်တယ် လို့ စက်ရုံဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဒေါ်ဇာခြည်ဝင်းက ပြောပါတယ်။

"ကျမတို့ ဒီနေ့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းရင်းကတော့ လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းဟောင်းတွေရဲ့ ဘဝအာမခံချက်၊ လုပ်ငန်းခွင်အာမခံချက် ပျောက်ဆုံးနေတဲ့အတွက် အဓိကတောင်းဆိုရခြင်းဖြစ်ပါတယ်၊ ကျမတို့ အခု ပလိပ် ပန်ဒါအထည်စက်ရုံက နိုင်ငံ့ဝန်ထမ်းဟောင်းတွေကဆိုရင် အမှတ် ၂ အထည်စက်ရုံ ပလိပ်မှာ ထိုင်သပိတ်ပြုလုပ်နေတာ ရက်ပေါင်း ၇ဝ ကျော် ကြာမြင့်နေပြီဖြစ်ပါတယ်၊ ရက်ပေါင်း ၇ဝ ကျော် ကြာမြင့်တဲ့အတွက် အသက်ကြီးတဲ့ဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတဲ့အတွက် ဒီသက်ဆိုင်ရာတာဝန်ရှိတဲ့ လူကြီးမင်းတွေ၊ နိုင်ငံတော်အစိုးရအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေလိုတဲ့ဆန္ဒနဲ့ ဒီမန္တလေးမြို့ပေါ်ကို ချီတက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်ရှင့်"

ဆန္ဒပြအလုပ်သမားတွေဟာ အရင်က ပုလိပ်ချည်မျှင်နဲ့ အထည်စက်ရုံ ဝန်ထမ်းဟောင်းတွေဖြစ်ကြပါတယ်။ စက်ရုံကို ပုဂ္ဂလိကကို လွဲှပြောင်းပေးအပ်လိုက်ပြီးနောက် ပန်ဒါချည်မျှဉ်စက်ရုံဆိုပြီး ဝန်ထမ်းတွေကိုပါ လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

လွှဲပြောင်းခံ နိုင်ငံ့ဝန်ထမ်းဟောင်းတွေရဲ့ ဘဝအာမခံချက်ရရှိဖို့၊ မူလစာချုပ် ပြန်လည် အကောင်အထည်ဖော်ပေးဖို့ နဲ့ အလုပ်သမားတွေကို ဖိနှိပ်နေတဲ့ ပန်ဒါကုမ္ပဏီ အလိုမရှိ၊ စာချုပ် အကြိမ်ကြိမ်ချိုးဖောက်တဲ့ ပန်ဒါကုမ္ပဏီ အလိုမရှိ စတဲ့ အချက်တွေကို ကြွေးကြော်ကြပါတယ်။

စက်ရုံလုပ်သား ၆၀၀ ကျော်တို့ဟာ ကုမ္ပဏီဘက်က စာချုပ်ချိုးဖောက်ခဲ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ကစလို့ စက်ရုံရှေ့မှာ ထိုင်သပိတ်အနေနဲ့ တောင်းဆိုဆန္ဒပြနေကြတာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံကို Panda Textile ကုမ္ပဏီက ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဧပြီလကတည်းက စက်မှုဝန်ကြီးဌာန၊ အထည် အလိပ်လုပ်ငန်းကနေ လွှဲပြောင်းယူထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။