ပန်ဒါစက်ရုံအလုပ်သမားတွေ အရေး ပြေလည်မှုရရှိ


2016.12.11
panda-workers-press-620.jpg မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ညှိနှိုင်းရေးအဖွဲ့နဲ့ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးနေစဉ်
Photo: Hset Paing Toe/ RFA

ရက်ပေါင်း ၂၀၀ နီးပါးကြာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ ပန်ဒါချည်မျှင်စက်ရုံလုပ်သား ၆၀၀ ကျော်ဟာ လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သပိတ်စခန်းကို ရုပ်သိမ်းမှာဖြစ်ပြီး သူတို့ကို အလုပ်ရှင်က အစမ်းခန့်ကာလအဖြစ် ၃လ အလုပ်ပြန်လည်ခန့်အပ်ဖို့ ဒီနေ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ မန္တလေးတိုင်း လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဆောင်တဲ့ ညှိနှိုင်းရေးအဖွဲ့နဲ့ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပြီး ဆွေးနွေးရာမှာ သဘောတူညီမှု ရရှိခဲ့ကြတာဖြစ်ပါတယ်။

သုံးပွင့်ဆိုင်သဘောတူညီချက်အရ ပလိပ်မြို့ ပန်ဒါချည်မျှင်နှင့် အချောကိုင်အထည်စက်ရုံ အဝင်ဝမှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ စက်ရုံလုပ်သား ၆၄၄ ဦးကို လာမယ့် ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အစမ်းခန့်ကာလ ၃ လ အနေနဲ့ စက်ရုံမှာ အလုပ်ပြန်လည်ခန့်ထားပေးရမှာဖြစ်ပါတယ်။

အစမ်းခန့်ကာလအတွင်းမှာ အလုပ်ရှင် အလုပ်သမား စာချုပ်ပါအချက်တွေကို လိုက်နာမှုရှိမရှိ အလုပ်ရှင်ရော အလုပ်သမားကိုပါ တိုင်းအစိုးရညှိနှိုင်းရေး အဖွဲ့က စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

သဘောတူညီမှုတွေရရှိခဲ့ပေမယ့် စနေနေ့အချိန်ပိုအလုပ်ဆင်းရမှာနဲ့ ပတ်သက်ပြီး အလုပ်ချိန် ပုံစံအသေးစိတ်ကိုတော့ အစမ်းခန့်ကာလအတွင်း ဆက်လက်ညှိနှိုင်းကြမှာဖြစ်ပါတယ်။ ညှိနှိုင်းရေးအဖွဲ့ကတော့ စနေနေ့အချိန်ပိုဆင်းသူတွေကို ခံစားခွင့်တွေ တိုးပေးဖို့ အလုပ်ရှင်ကို တောင်းဆိုထားပါတယ်။

ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ ပန်ဒါစက်ရုံလုပ်သားတွေဟာ စက်မှုဝန်ကြီးဌာနရဲ့ အစိုးရဝန်ထမ်း ဟောင်းတွေဖြစ်ကြပါတယ်။ အဲဒီစက်ရုံကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က အစိုးရပင်စင်စားဘဝနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေအဖြစ် Panda Textile ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။