ပန်ဒါစက်ရုံပိုင်ရှင် ကြေညာချက် အလုပ်သမားတွေ လက်မခံ


2016.06.14
panda-textile-workers-620.jpg မန္တလေးတိုင်း ပလိပ်မြို့က ပန်ဒါ ချည်မျှင်အထည်စက်ရုံ အလုပ်သမားတွေ ဇွန်လ ၃ ရက်နေ့က ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

တရားစွဲခံထားရတဲ့ ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံပိုင်ရှင်က အလုပ်သမားတွေကို ဖြတ်တောက်ခဲ့တဲ့အချိန် ပိုလုပ်ခလစာတွေပေးမယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြီး အသိပေးလိုက်ပါတယ်။

သပိတ်မှောက်အလုပ်သမားတွေအနေနဲ့ အဲ့ဒီငွေကို အခုချိန်မှာမထုတ်သေးဘဲ တရားရုံးအမိန့်အတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မဇာခြည်ဝင်းက ပြောပါတယ်။

"ဒီမှာတော့ မနေ့ကညပိုင်းမှာ စဉ့်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါင်းဆောင်တွေကိုခေါ်ပြောတယ်၊ အလုပ်ရှင်က ဖြတ်ထားတဲ့ပိုက်ဆံတွေကို ပြန်ပေး မယ်ပေါ့နော်၊ အရင်တုန်းက ပေးပါဆိုတုန်းကတော့ သူတို့ပဲဥပဒေကြောင်းအရ လုပ်တာပါဆိုပြီး၊ အခုဥပဒေအရ အရေးယူတော့မယ်ဆိုမှ ကျမတို့ကို ပေးပါမယ် ဆိုပြီး ချွေးသိပ်ဖို့လုပ်နေတယ်၊ ကျမတို့အားလုံးသဘောအရကတော့ လတ်တလော ဖြတ်ထားတဲ့ပိုက်ဆံတွေ ကိုလာထုတ်ပါ ဆိုတာတောင် ပြန်ထုတ်ဖို့အစီအစဉ် မရှိသေးဘူး"

ပြည်သူပိုင် ပလိပ်ချည်မျှင်နဲ့ အထည်စက်ရုံကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပန်ဒါကုမ္ပဏီက စက်မှုဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုပြီး နှစ်ရှည်ငှားရမ်းလုပ်ကိုင် ခဲ့တာပါ။ အဲဒီစာချုပ်ကို ပိုင်ရှင်ဘက်က ချိုးဖေါက်တဲ့အတွက် အလုပ် သမားတွေက အခုဆိုရင် ၃ နှစ်အတွင်း ၃ ကြိမ်မြောက်သပိတ်မှောက် ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ဖေါက်ဖျက်မှုနဲ့ ပန်ဒါကုမ္ပဏီပိုင်ရှင်ကို အလုပ်သမားဦးစီးဌာနက တရားစွဲလိုက်ပြီး၊ လာမယ့် ဇွန်လ ၂၃ ရက်နေ့ကျရင် စဉ့်ကိုင်မြို့နယ် တရားရုံးမှာ ပထမဆုံးရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပုလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံက အလုပ်ရှင်-အလုပ်သမား ပြဿနာနောက်ဆုံးအခြေအနေနဲ့ ပတ်သက် လို့ အလုပ်သမဂ္ဂအတွင်းရေးမှူး မဇာခြည်ဝင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။